(၁၁၇) ကြိမ်မြောက် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားများ လှည့်လည်ပူဇော်ခံပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ကွမ်းခြံကုန်း အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့မရပ်ကွက်တွင် (၁၁၇) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားများလှည့်လည် ပူဇော်ခံပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားများ မြို့တွင်းလှည့်လည်ပူဇော်ခံပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးရဲတင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်နှင့် မြို့မဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကြည်စိန်တို့ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့​ကြသည်။

ကွမ်းခြံကုန်းမြို့နယ်၊ မြို့မရပ်ကွက်၊ မြို့မဓမ္မရုံတွင် ကိန်းဝပ်စံပယ်တော်မူသော နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားအား မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့တွင် ကျင်းပရာ ယခုနှစ်တွင် (၁၁၇) ကြိမ်မြောက်ရှိကြောင်း သိရသည်။ ဒေသစာရီကြွချီ အပူဇော်ခံရာ လမ်းတလျှောက်တွင်လည်း မြို့ပေါ်ရပ်ကွက် (၇) ရပ်ကွက်မှ လူငယ်အဖွဲ့များ လိုက်ပါကုသိုသ်ယူဆောင်ရွက်ခဲ့ကြပြီး ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေး (၅၆၁) ပါးတို့အား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ရပ်ကွက်သူ/သားများက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)