တာမွေ အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ သီတင်းကျွတ်လပြည့်နေ့မှစ၍ တစ်နှစ်ပတ်လုံးတွင် ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် တစ်မြို့နယ်လျှင် (၅) ရက်ဖြင့် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းကို အလှည့်ကျ ပြုလုပ်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းအချိန်ကလည်း ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် ဒဂုံလွင်လမ်းနှင့်သမာဓိလမ်းထောင့်ရှိ မေတ္တာပုညကာရီဓမ္မာရုံကြီး၌ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြွရောက်လာကြသော မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးအား အမှူးပြု၍ သံဃာတော် အရှင်သူမြတ်များနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး မေတ္တာပုညကာရီဓမ္မာရုံ နာယကကြီး ဦးမြတ်မွန်မှ ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာနှင့် နတ်ဗြဟ္မာ ပင့်ဖိတ်ရန် ဂါထာတော်တို့ကို ရွတ်ဖတ်ပူဇော်ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသူများက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဂန္ထဝါစကပဏ္ဍိတ မြို့ဦးစာသင်တိုက် ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တနာရဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကတိပိဋကဓရ ဆရာတော်ဘုရားကြီးထံမှ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပွဲ ကျင်းပရခြင်းအကြောင်းနှင့် အနုမောဒနာတရား နာကြားခဲ့သည်။ ထို့နောက် မေတ္တာပုညကာရီဓမ္မာရုံ နာယကကြီး ဦးမြတ်မွန်မှ ပဋ္ဌာန်းအမွှန်းဂါထာ တော်ကို ရွတ်ဖတ်ပူဇော်ခဲ့ပြီး ကြွရောက်လာကြသော မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးအား အမှူးပြု၍ သံဃာတော် အရှင်သူမြတ်များနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ပဌာန်း (၂၄) ပစ္စည်းအကျဉ်းချုပ် ရွတ်ဆိုပူဇော်၍ အလှည့်ကျ သံဃာတော်များမှ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းကို ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ရာ အဆိုပါ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၈) ရက်နေ့မှ အောက်တိုဘာလ (၂၃) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)