ပေါင် အောက်တိုဘာ ၁၉
မွန်ပြည်နယ် ပေါင်မြို့နယ်အနီး ဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် တိုင်ထောင်ပဲတောင့်ရှည်စိုက် တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
တိုင်ထောင်ပဲတောင့်ရှည်ပင်များကို မစိုက်မီမြောင်းပေါင်ကို အရင်ဆုံးပြုပြင်ရပြီး စိုက်ပေါင်များအတွင်း မြေခံကြက်ချေး သို့မဟုတ် နွားချေးနှင့် ဆန်စက်မှရရှိသည့် ဖွဲမှုန့်များကို ရောစပ်ထည့်ပေးရကြောင်း၊ ပဲမျိုးစေ့များကို အစေ့ချစနစ်ဖြင့် စိုက်ပျိုးကာ တစ်ပင်နှင့်တစ်ပင် တစ်တောင်ခြား စိုက်ပျိုးရကြောင်း၊ အပင်ကြီးထွားမှုနှင့် လေဝင်လေထွက်ကောင်းရန် ဂရုစိုက်ရပြီး ရက် (၄၀) ခန့်အကြာတွင် စတင်အသီးသီးကာ ရက် (၅၀) ကြာလျှင် အသီးလှိုင်လှိုင် ထွက်ရှိကြောင်းနှင့် နှစ်ရက်ခြားတစ်ခါခူး၍ ရောင်းချရပြီး နှစ်လကြာအထိ ခူးဆွတ်ရောင်းချရကြောင်း ပေါင်မြို့နယ် ကျုံကကျေးရွာမှ တိုင်ထောင်ပဲ တောင့်ရှည်စိုက် တောင်သူတစ်ဦးက ပြောသည်။
တိုင်ထောင်ပဲတောင့်ရှည်ပင်များကို ရာသီမရွေး စိုက်ပျိုးရပြီး စျေးကွက်တွင် ဒေသပေါက်စျေး တစ်ပိဿာလျှင် (၅၀၀၀) ဆယ်တောင့်တစ်စည်းလျှင် ငွေကျပ် (၅၀၀) ရရှိကာ တောင်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ ယခုအခါ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)