နမ့်စန်(တ) အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၅၈) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကြီးကို ယမန်နေ့နေ့လည် ၁ နာရီ က အမှတ် (၄) ရပ်ကွက် မြို့မအခြေခံပညာအထက်တန်းကျောင်းရှေ့မှတဆင့် မြို့တွင်းပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ယင်းသို့လောင်းလှူရာတွင် ဗုဒ္ဓရုပ်ပွားတော်အား ရှေ့ဆုံးမှ ပင့်ဆောင်၍ သံဃသမ္မုတိဆရာတော် ၃ ပါးနှင့် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော် (၅) ပါးတို့မှ ဦးဆောင်ကာ မြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း (၆၈) တိုက်မှ ဆရာတော်သံဃာတော်များ၊ ရှင်သာမဏေများနှင့် မယ်သီလရှင်များ၊ စုစုပေါင်းအပါး (၉၃၀) ကျော်က အမှတ် (၄) ရပ်ကွက် မြို့မ အ.ထ.က ကျောင်းရှေ့မှ စတင်ကာ အမှတ်(၂)ရပ်ကွက် အ.ထ.က (နမ့်စန်) ကျောင်းရှေ့ထိ ပြည်ထောင်စုလမ်းမကြီးတလျှောက် ကြွရောက်တော်မူခဲ့ကြပြီး၊ နမ့်စန်တပ်နယ်မှ တပ်မိသားစုများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့သူမြို့သားများ၊ ဈေးသူ၊ ဈေးသားများနှင့် စေတနာရှင်၊ အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းမျိုးစုံတို့ကို မြို့လုံးကျွတ် စည်ကားသိုက်မြိုက်စွာ စုပေါင်းလောင်းလှူခဲ့ကြသည်။
မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် ဆရာတော်အရှင်သူမြတ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း၍ အေးချမ်းစွာ အလှူခံကြွနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကုသိုလ်ပြု ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)