မြစ်သား အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသော ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုပစ္စည်းများ ထည့်သွင်းပေးအပ်ခြင်းနှင့် ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက သီလင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၅၅)ဦးပိုင် အမှတ် (၄၆) တောင်သူ ဦးအောင်ကျော်စိုးစံ၏ စပါးကွင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော စပါးစိုက်ခင်းများကို ပြန်လည်ကုစားသည့်အနေဖြင့် စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများဖြစ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ရွက်ဖြန်းဆေးများ ထောက်ပံ့ပေးအပ်ခြင်းနှင့် တောင်သူများ၏ ထိခိုက်ပျက်စီးသွားသော လယ်မြေများတွင် အထွက်နှုန်းများမကျစေရေးနှင့် သီးနှံအရည်အသွေးများ ကောင်းမွန်စေရန်အတွက် လက်တွေ့ကွင်းဆင်းဆောင်ရွက်ပြသခြင်း တောင်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး လက်ဆင့်ကမ်းအသိပညာဗဟုသုတများ မျှဝေပေးနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများ ပြန်လည်ကုစားရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများမှ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ရွက်ဖြန်းဆေးများကို တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့်ကွင်းသရုပ်ပြပွဲသို့ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဆွေဦး၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူ၊ ကူမဲမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်နှင့် သက်ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)