တာချီလိတ် အောက်တိုဘာ ၁၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အခြေခံပညာစာသင်ကျောင်းများသို့ ကျပ်သိန်း (၅၀၀) ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားအား ယမန့်နေ့က (လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် အ.ထ.က (ဆန်ဆိုင်း)၊ အ.လ.က. ခွဲ(တာလော့)၊ အ.ထ.က.ခွဲ (ပုန်းထွန်)၊ အ.ထ.က. ခွဲ (မယ်ဟုတ်) နှင့် အ.လ.က ခွဲ(ပါဆန်း) စသည့် စာသင်ကျောင်း (၅) ကျောင်းအတွက် လိုအပ်သည့် ကျောင်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ပြန်လည်ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် တာချီလိတ်မြို့၊ မြို့မီးလင်းရေးဦးဆောင်ကော်မတီ (ဥက္ကဠ) ဦးတင်လှိုင်မှ စာသင်ကျောင်း ၁ ကျောင်းလျှင် ကျပ်သိန်း (၁၀၀) နှုန်းဖြင့် စုစုပေါင်းကျပ်သိန်း (၅၀၀) တိတိအား ထောက်ပံ့ပေးအပ်ရာ ခရိုင်ပညာရေးမှူးနှင့် သက်ဆိုင်ရာကျောင်းအုပ်ကြီးများမှ လက်ခံရယူခဲ့ကြသည်။
တာချီလိတ်မြို့နယ် မြို့မီးလင်းရေးဦးဆောင်ကော်မတီအနေဖြင့် တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း၊ မုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် တာချီလိတ်မြို့နယ်တွင် ရေကြီးရေလျှံခြင်း၊ တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းခြင်းနှင့်မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့သည့်ကာလအတွင်း ဒေသခံများ လျှပ်စစ်မီးမပြတ်တောက်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ခဲ့သည့်အပြင် ပျက်စီးဆုံးရှူံးမှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း တတ်အားသရွေ့ ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ပေးခဲ့ရှိကြောင်း သိရသည်။
အေးအေးလတ်