ရန်ကုန် အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့်ဂီတပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၈ရက်နေ့အထိ နေ့စဉ်နံနက် (၈) နာရီမှ ည (၁၀) နာရီအထိ ကျင်းပလျက်ရှိရာ နေ့စဉ်ပြည်သူ (၃) သိန်းကျော် လာရောက်ပါဝင်ဆင်နွဲပြီး လေ့လာဝယ်ယူကြသဖြင့် အထူးစည်ကားလျက်ရှိသည်။
အဆိုပါဈေးရောင်းပွဲတော်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်ခန်းများ၊ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း (၄၈၃) ခန်းနှင့် အထူးအစီအစဉ်အဖြစ် Mobile Car များနှင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ၊ အခြေခံစားကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ယင်းသို့ ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့မှ ပူးပေါင်းဆောင်ရွက်ပေးထားခြင်းဖြစ်သည်။
ထို့ပြင် ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ကျော်ကြားသောအနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် ပွဲတော်လာပြည်သူများ သွားလာရေးအဆင်ပြေလွယ်ကူစေရန် YBS ယာဉ်များဖြင့် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)