မိတ္ထီလာမြို့ ရတနာမာရ်အောင်ဘုရားရင်ပြင်တော်၌ (၁၂) ကြိမ်မြောက် နိဗ္ဗာန်ဈေးရောင်းပွဲတော် ကျင်းပ

မိတ္ထီလာ အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်တွင် တည်ထားကိုးကွယ်သော ရတနာမာရ်အောင်ဘုရာ၏ရင်ပြင်တော်၌ (၁၂) ကြိမ်မြောက် နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့ ယမန်နေ့ညနေ ၄ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တိုင်း နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို ရတနမာရ်အောင်ဘုရားရင်ပြင် တော်မှာကျင်းပခဲ့တာ ဒီနှစ်ဆို ၁၂ နှစ်မြောက် ၁၂ ကြိမမြောက် ဖြစ်ပြီပေါ့။ နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို နှစ်စဉ် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်လည်း နိဗ္ဗာန်ဈေးရောင်းချသူ၂ဝ ဦးက မုန့်တီသုပ်၊ မုန့်ဟင်းခါး၊ မုန့်ဖတ်ထုပ်၊ ရွှေရင်အေး၊ ရေခဲမုန့် နဲ့ မြန်မာ့ရိုးရာမုန့်မျိုးစုံများ ခင်းကျင်းရောင်းချပြီး လာရောက်ဝယ်ယူစားသုံးများနဲ့ စည်ကားသိုက်မြိုက်ခဲ့ပါတယ်။ ဈေးရောင်းချသူများကလည်း ကုသိုလ်ဖြစ်ပွဲမို့ လာရောက်စေတနာထား ရောင်းချသလို ဝယ်ယူစားသုံးသူများကလည်း ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ နိဗ္ဗာန်ဈေးပွဲတော်မို့ ပွဲတော်မှာပါဝင်ကြသူအားလုံး ပျော်ရွှင်မှုရကြတာ နှစ်စဉ်မြင်တွေ့ရတာ ကြည်နူးသာဓုခေါ်စရာ ဖြစ်ပါတယ်ဟု အဆိုပါ နိဗ္ဗာန်ဈေးပွဲတော်ကျင်းပရေးကော်မတီဝင် ဦးမောင်မောင်က ပြောသည်။

အဆိုပါနိဗ္ဗာန်ဈေးရောင်းပွဲတော်တွင် ရောင်းချသည့်  မြန်မာ့ရိုးရာအစားအစာမုန့်များနှင့် မုန့်ပွဲများကို  ၅ဝဝကျပ်၊ ၁ဝဝဝ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး  နိဗ္ဗာန်ဈေးရောင်းသူများ၏ စုစုပေါင်းဈေးရောင်းချရငွေ တစ်ဆယ့်သုံးသိန်းရှစ်သောင်းကျပ်တိတိကို ရတနာမာရ်အောင်ဘုရား ဂေါပကအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ချမ်းသာ