ကိုဗစ်ကာလ အလွန် ရန်ကုန်မြို့နှင့် အနီးဆုံး အပန်းဖြေလည်ပတ်နိုင်သော ဒလမြို့နှင့် တွံတေးမြို့တို့ရှိ လူထုအခြေပြု ခရီးသွားလုပ်ငန်းနှင့် ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်းကမ်းခြေ (သတင်းဆောင်းပါး)

စွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်သည့် လုပ်ငန်း

မြန်မာနိုင်ငံ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် ကိုလိုနီခေတ် အဆောက်အဦများ၊ မြို့ပြ အမွေအနှစ် များစွာတည်ရှိခြင်းကြောင့် ပြည်ပခရီးသွား ဧည့်သည်များနှင့် ပြည်တွင်း ခရီးသွား လုပ်ငန်း များ  ဖွံ့ဖြိုးတိုးတက် လျက်ရှိသလို တိုင်းဒေသကြီးအတွင်းမှာရှိသော မြို့နယ်များရဲ့ ပြည်တွင်းပြည်ပ ခရီးသွား ခရီးစဉ်သစ်များ ဖော်ဆောင်ခြင်း၊ လူထုအခြေပြုခရီးသွားလုပ်ငန်းများနှင့်  ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ညီနောင်အသင်း (၁၁) သင်းတို့ ပူးပေါင်း၍ ခရီးစဉ်ဒေသရှိ ဌာနဆိုင်ရာများ၊ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ကြသော လုပ်ငန်းရှင်များ၊ လုပ်သားများ နှင့် ပြည်သူများ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။  

ကိုဗစ် ကာလအလွန် ခရီးသွားလည်ပတ်နိုင်သည့် စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ အနောက် ဘက်ခြမ်းတွင် တည်ရှိသော ဒလမြို့နယ်၌ အထင်ကရနေရာများ၊ ခေတ်မီပြောင်းလဲ တိုးတက်လာမည့် မြို့ပြအခြေအနေများ၊ ဒေသခံ ပြည်သူများ၏ လူနေမှု ဘဝပုံစံများကို လည်ပတ်လေ့လာနိုင်သလို၊  တွံတေးမြို့ရှိ သမိုင်းဝင် အဆောက်အဦများ၊ ရှေးဟောင်းစဉ့်ဖိုများ၊ ကျုံး၊ နန်းတော်ကုန်းနေရာနှင့် အထင်ကရနေရာများ၊  အိုးလုပ်ငန်း၊  ဝါးဖြင့်ပြုလုပ်သည့် ဇကော၊ ဇကာ လုပ်ငန်းများကို လေ့လာနိုင် ပေသည်။ ထို့အတူ  ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းကျေးရွာအုပ်စုရှိ   သဘာဝ အလျှောက် ဖြစ်တည်နေ သော ဆယ်အိမ်တန်းကျေးရွာနှင့် အလယ်ရွာကျေးရွာကြားရှိ ဆယ်အိမ်တန်း ပင်လယ် ကမ်းခြေတို့သို့ လာရောက် အပန်းဖြေနိုင်ပေသည်။

ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါပြီးဆုံးချိန်နောက်ပိုင်း  ခရီးသွားလည်ပတ်နိုင်ရန် အပန်းဖြေနိုင်သည့် ခရီးစဉ်များကို စုစည်းရေးသားဖော်ပြလိုက်ပါသည်။

ရန်ကုန်မြို့ မြစ်တစ်ဖက်ကမ်းရှိ  ဒလမြို့ လူထုအခြေပြု ခရီးသွားလုပ်ငန်း

ရန်ကုန်မြို့နှင့် အနီးစပ်ဆုံးဖြစ်သလို မြစ် တစ်ခု ခြားနားခြင်းကြောင့် ဒလမြို့နယ်သည် ဖွံ့ဖြိုး တိုးတက်မှု များ နောက်ကျလျက်ရှိသော်လည်း  ကမ္ဘာလှည့်ခရီးသွားများနှင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ နေ့စဉ်နှင့်အမျှ ဝင်ရောက်လည်ပတ်လျက်ရှိသော နယ်မြို့လေးတစ်မြို့ဖြစ်သည်။ ထို့အတူ အနယ်နယ် အရပ်ရပ်က ခရီးသွား ပြည်သူများအနေဖြင့် ရန်ကုန်မြို့သို့  ဒလမြို့နယ်မှ တစ်ဆင့် သွားလာကြရာတွင် ရန်ကုန်မြစ်တွင်း ချယ်ရီသင်္ဘော များဖြင့် ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့သင်္ဘောဆိပ်ကမ်း၌ လူးလာခေါက်တုန့် ပို့ဆောင်ပေးလျက်ရှိသော ဆိပ်ကမ်းတစ်ခုဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီအချိန်ကာလက  အဆိုပါ ဆိပ်ကမ်းတွင် ခရီးသည်ပြည်သူ ၃၀၀၀၀ ကျော်ခန့် ကူးသန်းသွားလာလျက်ရှိသလို ကမ္ဘာလှည့်ခရီးသွားဧည့်သည်များဖြစ်သည့် ဥရောပနိုင်ငံသားများ အများဆုံး ဒလမြို့ နယ်အတွင်းသို့ ဝင်ရောက်လည်ပတ်ကြသည်။ ခရီးသွားဧည့်သည် အများစုမှာ အနှေးယာဉ် ဆိုက်ကားများစီး၍ ပုသိမ်ထီးများ ဆောင်းကာ မြို့နယ်အတွင်း လှည့်လည်မှုကြောင့် ခရီးသွားများ နှစ်ခြိုက်စေသော ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ပင်ဖြစ်သလို  နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လည်ပတ်မှုကြောင့် ဒလမြို့ရှိ ဒေသခံ အနှေးယာဉ် လုပ်သားကြီးများ၏ မိသားစုဘဝများ အဆင်ပြေလျက်ရှိသည်။

ဒလမြို့နယ်အတွင်း နိုင်ငံခြားသားခရီးသွားဧည့်သည်များ လည်ပတ်လေ့လာနေစဉ်

ခရီးစဉ်တစ်လျှောက်တွင်  ဒလမြို့နယ်၏ အထင်ကရဖြစ်သော ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေစာရံ စေတီတော်မြတ်ကြီး၊ ရဟန္တာဦးပညာစံကျောင်း၊ ဒေသခံပြည်သူများ၏ လူနေထိုင်မှုဘဝပုံစံများ၊ ဝါးဓနိများဖြင့် ဆောက်ထားသော တံငါသည် အိမ်လေးများ၊ လယ်ယာမြေရှုခင်း၊ ဈေးများ၊  Recycle ပလပ်စတစ်ကြွပ်ကြွပ်လုပ်ငန်း၊ တစ်ပိုင်တစ်နိုင်စီးပွားဖြစ် ဖယောင်းတိုင်လုပ်ငန်း၊ ကော်ပြန့်လိပ် လုပ်ငန်းများကို လေ့လာနိုင်ရန် အနှေးယာဉ် ဆိုက်ကားများဖြင့် လှည့်လည်ပြီး ခရီးသွားဝန်ဆောင်မှုပေးနိုင်သော လုပ်ငန်းများစွာ ရှိခြင်းကြောင့်ပင်ဖြစ်သည်။

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီးရုံး) ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း ကဒလ မြို့နယ်ဟာဆိုရင် ရန်ကုန်မြို့နဲ့ အနီးဆုံး ဖြစ်တဲ့အတွက်  နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေကို စနစ်တကျနဲ့ ဧည့်ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်၊ လှည့်လည်ပြသမယ့်နေရာတွေ၊ လူနေထိုင်မှု ဘဝပုံစံတွေ၊ ဖွံ့ဖြိုးတိုးတက်တဲ့နေရာလေးတွေကို ပြသချင်ဖြင့် ဒေသခံတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက်အကူပြုမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ဒလမြို့နယ်ရဲ့ ခရီးသွားလုပ်ငန်းကို တိုးတက်အောင် လာပြီးတော့ သင်တန်းပို့ချပေးနိုင်မှုကြောင့် အရမ်းဝမ်းသာမိပါတယ်၊ ဟိုတယ်နှင့်ခရီးသွာလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းရဲ့ ကော်မတီဥက္ကဌဖြစ်တဲ့  ရန်ကုန်တိုင်း ဝန်ကြီးချုပ် တို့ရဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ် ဟု သြဂုတ် ရက်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်သည့် ဒလမြို့နယ်၌ COVID-19 Relief Package(1) ခရီးသွားလုပ်ငန်း(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် ဒလမြို့နယ်ရှိ ဒေသခံ အနှေးယာဉ်လုပ်သား (၁၆)ဦး နဲ့ ဈေးသည်()ဦး၊  စုစုပေါင်း သင်တန်းသား ၂၀ ဦးတက်ရောက်ခဲ့ပြီး ခရီးသွားအခြေခံလုပ်ငန်းများနှင့်ပတ်သက်၍ ဘာသာစကားများ၊ ဧည့်ဝန် ဆောင်မှုများနှင့် စည်းမျဉ်းစည်းကမ်းများကို သင်ကြားပို့ချပေးမှုကြောင့် ဒေသခံအနှေးယာဉ်လုပ်သားများ အကျိုး ရှိစွာဖြင့် သင်ကြားတတ်မြောက်ခဲ့ကြသည်။

ရှေးဟောင်းအမွေအနှစ်များစွာနှင့် အိုးလုပ်ငန်း၊ ဝါးလုပ်ငန်းများကို  တွံတေးမြို့၌ လည်ပတ်လေ့လာနိုင်

တွံတေးမြို့၏ အိုးလုပ်ငန်းခွင်ကို မြင်တွေ့ရစဉ်

ဒလမြို့နယ်နှင့် တစ်ဆက်တည်းရှိသော တွံတေးမြို့နယ်တွင် လူထုအခြေပြု ခရီးသွားခရီးစဉ် သစ်တစ်ခုကို ဖော်ဆောင်ထားခဲ့ပြီးဖြစ်သည်။            လူထုအခြေပြုခရီးသွား ခရီးစဉ်သစ်ဖြစ်သော တွံတေးမြို့နယ် ကျိုက်သလဲကျေးရွာ အုပ်စု (အလယ်ပိုင်း) တွင် တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကြောင်းပြုလုပ်ကြသည့် လက်မှုလုပ်ငန်းများအနေဖြင့်  ဝါးဖြင့် တောင်း၊ ဇကော၊ ဇကာ ပြုလုပ်ခြင်း၊ အိုးဘို အနောက်ရပ်ကွက်ရှိ  အိုးရုံများတွင် အိုးများ ပြုလုပ်သည့် ရိုးရာ ယဉ်ကျေးမှု လက်မှုလုပ်ငန်းများကို ကြည့်ရှုနိုင်ပေသည်။ ထို့အတူ တွံတေးတောကြီးတန်း ရန်ကုန်ပါဒကျေးရွာအုပ်စု ကန်ကြီးကုန်းကျေးရွာ ကျောက်ဖျာစမ်းရှိ ဦးကြာကန်+ဒေါ်ညွှန့်ရီခြံအတွင်း၌  ရှေးဟောင်းစဉ့်ဖို အမှတ်() နှင့် စဉ့်ဖိုအမှတ်()ဟူ၍ အမြွာညီနောင်ဖို နှစ်ဖို နှင့် ဘုရားကြီးကျေးရွာ၌ စဉ်ဖို()ဖို စုစုပေါင်း သုံးခုတို့ကို ရှာဖွေတူးဖော်တွေ့ရှိခဲ့ရာ အေဒီ ၁၅ ရာစုခန့်က ရှေးဟောင်းစဉ့်ဖိုများအဖြစ် မှတ်တမ်းတင် ထိန်းသိမ်း စောင့်ရှောက် ထားမှုကို လေ့လာနိုင်သလို၊ ရွှေဆံတော်ရပ်ကွက်ရှိ ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၊ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော စမ်းရွာရှိ ရှေးဟောင်း မောင်းတီး စေတီတော် တို့သို့ သွားရောက်ဖူးမြော်ကြည်ညိုနိုင်ပေသည်။  ဆက်လက်၍ ရှေးဟောင်းမြို့ရိုး၊ မြို့ဟောင်း၊ ကျုံးနေရာ စသည့် နေရာများသို့ လည်ပတ်လေ့လာနိုင်ပေသည်။  

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဇုန်အဖြစ် ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် စမ်းရွာရှိ ရှေးဟောင်း မောင်းတီး စေတီတော်၊ ရွှေဆံတော်ရပ်ကွက်ရှိ ဆံတော်ရှင် ဆုတောင်းပြည့် ရွှေဆံတော်စေတီ တော်မြတ်ကြီးတို့အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မှ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အဦတည်ရှိရာ ဇုန်အဖြစ် ထုတ်ပြန် သတ်မှတ်ခဲ့ပြီး၊ ပညာရှင်များ၊ သုတေသီများ၊ လေ့လာသူများနှင့် ခရီးသွားဧည့်သည်များ လေ့လာမှုများပြားခဲ့သည်။

လူသိများစည်းကားလာခဲ့သော ကွမ်းခြံကုန်းမြို့နယ်ရှိ ဆယ်အိမ်တန်းကမ်းခြေ

ပင်လယ်ကမ်းစပ်၌ ကလေးငယ်များ ပျော်ပျော်ရွှင်ရွှင် ရေဆော့ကစားနေစဉ်

ဒလမြို့နယ် နှင့် ၃၈ မိုင် ဝေးသည့် ဒလ-ဓနုတ်-လက်ခုပ်ကုန်း-ကညင်ကုန်း လမ်းပိုင်တွင်ရှိသော ပင်လယ် ကမ်းစပ်နှင့် ထိစပ်လျက်ရှိသည့် ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းကျေးရွာအုပ်စု ဆယ်အိမ်တန်းကျေးရွာ နှင့် အလယ်ရွာ ကြားရှိ ပင်လယ်ကမ်းခြေလေးမှာ ၂၀၁၆ ခုနှစ်တွင် စတင်ပြီး အပန်းဖြေသူများ လာရောက်မှုကြောင့်  လူသိများလာခဲ့ပြီ စည်းကားလာခဲ့သည်။

ကညင်ကုန်းကျေးရွာအုပ်စု ဒေသခံပြည်သူ ကိုတင်လင်းအောင် က ဒီကမ်းခြေက ၂၀၁၂ ခုနှစ် မှာ စပြီသိကြတာ၊ အဲ့တုန်းက ခုချိန်လောက် လူမစည်းကားဘူး၊  ရန်ကုန်နဲ့ မဝေးတော့ သွားရေးလာရေး အဆင်ပြေတယ်၊ ၂၀၁၄ ခုနှစ် သင်္ကြန်ရက်တွေမှာ လူတွေ တစ်ဖြည်းဖြည်း စည်းလာတာ၊ ကမ်းခြေမှာ ဈေးရောင်းတာတွေရှိတော့  တစ်ဆင့်စကား တစ်ဆင့်နား နဲ့ လူတွေသိကုန်ကြတာ၊ ၂၀၁၆ ခုနှစ်ကစပြီး စနေနေ့နဲ့ တနင်္ဂနွေနေ့ တွေမှာ အနားယူအပန်းဖြေသူတွေများလာတာ၊    ဆယ်အိမ်တန်းကမ်းခြေက ဆယ်အိမ်တန်းရွာနဲ့ အလယ်ရွာရဲ့ ကြားမှာ တည်ရှိတဲ့ ကမ်းခြေပါ၊ ဒီကမ်းခြေက သဘာဝအလျှောက်ဖြစ်တာ၊ ဟိုးအရင်က လက်ခုပ်ကုန်းကမ်းခြေလိုပဲ  သောင်တွေထွန်းတာတော့ရှိတယ်၊ အဲ့ဒီကမ်းတွေက ရေတက်ရေကျ  အဆင်မပြေဘူး၊ ကမ်းက ကျဉ်းလာတာ လည်းဖြစ်တယ်၊ သစ်တော သစ်ပင်ကလည်း တိုးထွက်လာတယ်၊   ဆယ်အိမ်တန်း ကမ်းခြေရဲ့ အနေအထားက ရေတက်ရေကျ ချိန်မှာတောင် ကမ်းကနေ ကိုက် ၂၀၀ ကျော်လောက်  သွားလို့ရတယ် အသက်အန္တရာယ်မရှိဘူး၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလမှာတော့ မဖွင့်ပေးသေးဘူး ပိတ်ထားပါတယ်၊ ရောဂါ အခြေအနေ တည်ငြိမ်သွားတဲ့အခါကျမှ ပြန်လည်ပြီး ဖွင့်လို့ရမှာပါ  ဟု ပြောပြသည်။ အဆိုပါ ကမ်းခြေအနီးရှိ  ဆယ်အိမ်တန်း ကျေးရွာ၌ ဟိုတယ် တစ်ခု နှင့် အလယ်ရွာ၌ ဟိုတယ် တစ်ခု၊ စုစုပေါင်း ခု ဆောက်လုပ်ထားကြောင်းသိရသည်။

အဆိုပါ ကညင်ကုန်းကျေးရွာအုပ်စုအတွင်း၌ ကညင်ကုန်း၊ ကျောင်းကုန်း၊ ညောင်နီကုန်း၊ ဆယ်အိမ်တန်း၊ အလယ်ရွာ၊ အောက်ဆိပ်ချောင်းဝ ကျေးရွာ စသည့် ကျေးရွာပေါင်း ရွာရှိပြီ   အိမ်ခြေပေါင်း ၁၅၀၆   အိမ်ထောင်စုပေါင်း ၁၁၈၄ စု နေထိုင်လျက်ရှိကြောင်း၊ ဒေသခံပြည်သူအများစုသည် ပင်လယ်ပြင်အတွင်း ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူ အများစုဖြစ်ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်သူ အနည်းငယ်သာရှိ ကြောင်းသိရသည်။  

ဆယ်အိမ်တန်းကမ်းခြေသို့ အပန်းဖြေလာရောက်သူများအနေဖြင့် ပင်လယ်ရဲ့ လတ်ဆတ်သော လေကို ရှုရှိုက်ရင်း အနားယူအပန်းဖြေနိုင်ခြင်း၊  ကမ်းခြေတစ်လျှောက်ရှိ စားသောက်ဆိုင်များတွင်လည်း ပင်လယ်စာ အစား အစာများကို ဝယ်ယူစားသုံးနိုင်ခြင်း၊  ကမ်းစပ်၌ ရေဆော့ကစားရင်း အပျော်တမ်း မြင်းစီးနိုင်ပေသည်။ ထို့အတူ ပင်လယ်ပြင်အတွင်း ငါးရှာထွက်ကြသည့် ရေလုပ်သားများ၏ လုပ်ငန်းခွင် ဝင်ချိန် နေထွက်ချိန်မှ နေဝင်ချိန် အိမ်ပြန်ချိန် အထိ တစ်နေရာထဲမှာပဲ သဘာဝအရှိတရားများကို  ခရီးသွားပြည်သူများအနေဖြင့် လက်မလွှတ်ဘဲ လာရောက် အပန်းဖြေ အနားယူရင်း ခံစားကြည့်ရှုနိုင်သည့် ခရီးစဉ်တစ်ခုပင်ဖြစ်သည်။

ဆယ်အိမ်တန်းကမ်းခြေမှာ အလျား ၂၇၃၉ ပေ၊ ရေကျချိန်တွင် အနံ ၂၅၀ ကျော် ၃၀၀ နီးပါးခန့်ရှိကြောင်း၊   ကမ်းခြေတစ်လျှောက်တွင် ဆိုင်ခန်းပေါင်း ၅၀ ကျော် ဖွင့်လှစ်ထားရှိပြီး  ပင်လယ်စာ အစားအစားများ ဖြစ်သော ငါးသလောက်အိုးမှောက်၊ ဂဏန်းချဉ်စပ်၊ ပုဇွန်ချဉ်စပ်  စသည့် အစားအသောက်မျိုးစုံ ရောင်းချနိုင်မှုကြောင့် ကမ်းခြေတစ်လျှောက်ရှိ  ဒေသခံပြည်သူများ၏  အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်းနှင့် တစ်ဦးချင်းစီ၏ ဝင်ငွေ တိုးတက်စေသလို မိသားစု စားဝတ်နေရေးအတွက် ပိုမို၍ အဆင်ပြေလာခဲ့သည်။

လက်ခုပ်ကုန်းကျေးရွာအဝင်လမ်းအား မြင်တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူအများစုသည် အချိန်ကုန် ငွေကုန်ကြေးကျများစွာဖြင့် ချောင်းသာ၊ ငွေဆောင်၊ ငပလီ စသည့် ပင်လယ်ကမ်းခြေများသို့ ခြေဦးမလှည့်ကြဘဲ  စနေ၊ တနင်္ဂနွေနေ့များနှင့် အများပြည်သူ အားလပ်ရက်ရှည် ကာလများတွင် မိသားစုအလိုက်၊ သူငယ်ချင်းအပေါင်းအသင်းများဖြင့် ရန်ကုန်မြို့နှင့် အနီးဆုံးဖြစ်သည့်  ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်းကမ်းခြေသို့ ကိုဗစ် ကာလအလွန်၌ လာရောက်အပန်းဖြေ လည်ပတ်နိုင်ကြောင်း ဖိတ်ခေါ်လိုက်ပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာလအလွန်   ဆယ်အိမ်တန်းကမ်းခြေသို့ မော်တော်ကားများ၊ အငှားယာဉ်များ၊ သုံးဘီး ဆိုင်ကယ်များ၊ ဆိုက်ကယ်များဖြင့် လာရောက်လည်ပတ်လျက်နိုင်သည်။  မိုင်အားဖြင့်  ဒလမြို့နယ်မှ ၃၈ မိုင်၊ ကော့မှူးမြို့နယ်မှ ၂၇ မိုင်၊ ကွမ်းခြံကုန်းမြို့နယ်မှ ၂၃ မိုင် ဖာလုံရှိပြီး၊ ဒလမြို့နယ်မှ တစ်ဆင့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် မောင်းနှင်ချိန် နာရီနီးပါးခန့် ကြာမြင့်မည်ဖြစ်သည်။ ထို့အတူ လှိုင်သာယာတံတားမှတစ်ဆင့် သွားရောက် လည်ပတ်လိုပါက ကော့မှူးမြို့နယ် လမ်းဆုံမှ ဝါးဘလောက်သောက်-လက်ခုပ်ကုန်း-ကညင်ကုန်း လမ်းကြောင်း အတိုင် သွားရောက်လည်ပတ်နိုင်ပေသည်။ 

အချုပ်အားဖြင့်ဆိုရလျှင် ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသခရီးသွား ခရီးစဉ်သစ်များကို ဖော်ထုတ်ခြင်း၊ အဆင့်မြှင့်တင်ပေးခြင်း၊  ရှေးဟောင်း အမွေအနှစ်များ၊ ရိုးရာယဉ်ကျေးမှုများကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဘိုးဘွားမိဘများ အစဉ်အဆက် လက်ဆင့်ကမ်း ထိန်းသိမ်း လာသည့် လက်မှု လုပ်ငန်းများ မပျောက်ပျက်စေရေးအတွက်  ကဏ္ဍအသီးသီး ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားပါက ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်လာမည်မှာ အမှန်မလွဲပေ။

သတင်းဆောင်းပါး-နိုင်လင်းကျော်