ဝမ်းတွင်း အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်)နေ့တွင် စေတီပုထိုးကျောင်းကန်များ၌ ကုသိုလ်ပြုသူ၊ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိသည်။
သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်)နေ့အား ဘုရားရှင်ဆုပန်သောနေ့၊ မြတ်စွာဘုရားရှင်ဟာ လူ့ပြည်သို့ မဆင်းမှီ တန်ခိုးပြဠိပြသောနေ့၊ ကဆုန်လပြည့်ဗုဒ္ဓနေ့၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တို့ကဲ့သို့ပင် သီတင်းကျွတ်လပြည့်နေ့သည်လည်း မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ဖြစ်သဖြင့် ထူးမြတ်သောနေ့ ဖြစ်သည်နှင့်အညီ သီတင်းကျွတ်လပြည့်နေ့သည် ဂုဏ်ထူးဝိသေသများစွာရှိသော နေ့တစ်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကို အကြောင်းပြု၍ ကုသလာဓမ္မာအကုသလာဓမ္မာ၊ အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကို ဟောတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ ခေါ်ဆိုသမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲကျင်းပခဲ့ခြင်းဖြစ်သည်။
ယခုလို သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်)နေ့တွင် မြို့နယ်အတွင်းရှိ သမိုင်းဝင် ရွှေမုဌောစေတီတော်၊ မြတ်ညီနောင် စေတီတော်၊ သိမ်တောင်စေတီတော်၊ မြတ်ဘုန်းရှင် စေတီတော်နှင့် အခြားသော သမိုင်းဝင်ဘုရားစေတီ၊ ကျောင်းကန်များ၌ ကုသိုလ်ပြုသူ၊ ဆီမီး၊ ပန်း၊ ရေချမ်း ဆက်ကပ်ပူဇော်သူများ၊ ဘုရားဖူးသူ ပြည်သူများနှင့် စည်ကားလျက်ရှိသည်။
ကိုရဲ(ဝမ်းတွင်း)