သီတင်းကျွတ်လပြည့်နေ့ မိတ္ထီလာမြို့ ဘုရားစေတီတော်များ၌ ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ဆီမီးထွန်းညှိပူဇော်သူများဖြင့် စည်ကားသိုက်မြိုက်

မိတ္ထီလာ အောက်တိုဘာ ၁၈

ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ည (အဘိဓမ္မာအခါတော်နေ့)က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ တန်ခိုးကြီး ဘုရားစေတီတော်များ၌ ကုသိုလ်ကောင်းမှုပြုလုပ်ပြီး ဆီမီးထွန်းညှိပူဇော်သူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။

“မနေ့က သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ်ဖြစ်တာနဲ့အညီ ညပိုင်းမှာ မိတ္ထီလာမြို့က တန်ခိုးကြီးဘုရားစေတီတော်များမှာ ပန်း၊ရေချမ်းနဲ့ ဆီမီးထွန်းညှိပူဇော်ပြီး ကုသိုလ်ကောင်းမှုပြုကြသူများနဲ့ စည်ကားသိုက်မြိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့ဓမ္မာသုခရွှေစည်းခုံစေတီတော်မှာလည်း (၁၅) ကြိမ်မြောက် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက်၊ သီတင်းကျွတ်လပြည့်‌နေ့နဲ့ သီတင်း ကျွတ်လပြည့်ကျော်တစ်ရက်နေ့အထိ သုံးရက်သုံးညတိုင် ကျင်းပထွန်းညှိပူဇော်တာမို့ ဘုရားဖူးလာကြသူများ၊ ဆီမီးထွန်းညှိပူဇော်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနဲ့ အလွန်စည်ကားခဲ့ပါတယ်” ဟု ဓမ္မသုခရွှေစည်းခုံစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဇော်မိုးက ပြောသည်။

မိတ္ထီလာမြို့ရှိ မဟာဓမ္မရာဇိက ရွှေမြင်တင်စေတီတော်၊ မိုးကောင်းအန္တကူရေလည်စေတီတော်၊ မဟာဗောဓိ နဂါးရုံစေတီတော်၊ ဇေယျမုနိကျောက်တော်ကြီးဘုရား၊ ဓမ္မသုခရွှေစည်းခုံစေတီတော်၊ သမိုင်းဝင်ရွှေစောလူးစေတီတော်၊ သမိုင်းဝင် ထီးသုံးဆင့် ရွှေမြင်မိ လေးမျက်နှာ စေတီတော် စသည့် တန်ခိုးကြီးဘုရားစေတီတော်များတွင် ကုသိုလ်ကောင်းပြုသူများ၊ ဆီမီးထွန်းညှိပူဇော်သူများဖြင့် သီတင်းကျွတ်လပြည့်နေ့ညက စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။

ချမ်းသာ