ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို့ အဘိဓမ္မာအခါတော်နေ့ (သီတင်းကျွတ်လပြည်နေ့) ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများ၌ ဆီမီးထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် စတုဒိသာများ ဧည့်ခံကျွေးမွေးခြင်း ကျင်းပ

မြစ်ကြီးနား အောက်တိုဘာ ၁၈

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ မြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီးများတွင် ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် စတုဒိသာများ ဧည့်ခံကျွေးမွေးခြင်းတို့ဖြင့် အေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ထိုသို့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ အနားယူခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများသည် ရှေးဦးစွာ မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်သည့် လောကမာန်အောင် ဆုတောင်းပြည့်စေတီသို့ သွားရောက်ပြီး သီတင်းကျွတ်ပွဲတော်တွင် အေးချမ်းပျော်ရွှင်စွာ ကုသိုလ်ကောင်းမှုပြုရန် လာ‌ရောက်သည့် ပြည်သူများအား မုန့်နှင့် ရေခဲမုန့်များကို စတုဒီသာအဖြစ် ဧည့်ခံကျွေးမွေးခဲ့ကြကာ စေတီတော်ရင်ပြင်၌ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်း၊ ပန်းရေချမ်း ဆီမီးကပ်လှူပူဇော်ခြင်းများကို ပြည်သူများနှင့်အတူ ဆောင်ရွက်ခဲ့ကြပြီး မီးပုံးပျံများကို လွှတ်တော်ပူဇော်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် အံတော်ရှင်စေတီတော်မြတ်ကြီးသို့ သွား‌ရောက်ခဲ့ကြပြီး ဘုရားဖူး ကုသိုလ်ဒါနပြုရန် လာရောက်ကြသည့် ပြည်သူများနှင့်အတူ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခဲ့ကြကာ စေတီတော်အား လက်ယာရစ်ပတ်ပူဇော်ကာ စေတီတော်အတွင်း ရှမ်းမျိုးနွယ်စုများက ရိုးရာကိန္နရီ/ ကိန္နရာအက၊ တိုးနယားအကတို့ဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး မီးပုံးပျံများကို လွှတ်တင်ပူဇော်ခဲ့ကြကာ ဌာနဆိုင်ရာများ၏ စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အထိမ်းအမှတ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ကျင်းပပြုလုပ်လျက်ရှိသည့် သီတင်းကျွတ်စတုဒီသာဈေးပွဲတော်သို့ သွားရောက်ပြီး တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ တပ်မတော်အရာရှိကြီးများနှင့်အတူ နိဗ္ဗာန်ဈေးပွဲတော်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တပ်ရင်း/ တပ်ဖွဲ့အလိုက် ကျွေးမွေးဧည့်ခံသွားမည့် ရိုးရာအစားအစာများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကာ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်းရပ်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းပါးရှိ ပြည်သူ့ရင်ပြင်နှင့် ဧရာဦးပန်းခြံအတွင်း သီတင်းကျွတ်ပွဲတော်အဖြစ် အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေးအတွက် ရောင်စုံစလိုက်မီးများ အလှဆင်ထားခြင်း၊ ဒေသခံတိုင်းရင်းသားအဆိုတော်များ၏ စင်တင်တေးဂီတဖျော်ဖြေမှုအစီအစဉ်များဖြင့် ယခင်နှစ်များနှင့်မတူ လာရောက်လည်ပတ်ပျော်ရွှင်သူများဖြင့် စည်ကားများပြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ သီတင်းကျွတ်ပွဲတော်ကာလအတွင်း အလှည့်ကျ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ထို့အပြင် မြစ်ကြီးနားမြို့၌ နံနက်ပိုင်းနှင့် နေ့ခင်းဘက်များတွင်လည်း သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္ဓမာအခါတော်နေ့) နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြို့ပေါ်ရှိ လောကမာန်အောင် ဆုတောင်းပြည့်စေတီ‌တော်၊ အံတော်ရှင်စေတီတော်၊ အောင်ဇေရန်အောင်စေတီတော်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရွှေမိုးတောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ ပ.လ.နရပ်ကွက်တွင်းရှိ မဇ္စျိမပါလထိုင်တော်မူရုပ်ပွားတော်ကြီး၊ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုတ်သီလစောင့်တည်ခြင်း၊ ပန်းရေချမ်းဆီမီးများ ကပ်လှူပူဇော်ခြင်း၊ ဇီဝိတဒါအဖြစ် ငါးနှင့် ငှက်များ လွှတ်ပေးကြခြင်းဖြင့် အေးချမ်းပျော်ရွှင်စွာ စည်ကားများပြားလျက်ရှိသည့်အပြင် အများပြည်သူအပန်းဖြေဥယျာဉ်များတွင်လည်း လာရောက်လည်ပတ်ပျော်ရွှင်သူများနှင့် ယခင်နှစ်များနှင့်မတူ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)