နေပြည်တော် အောက်တိုဘာ ၁၈
၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာလ ၁၇ ရက်နေ့တွင် မွန်ပြည်နယ်အတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများ ကျင်းပလျက်ရှိပြီး ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြားခဲ့သည်။
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) သည် တာဝတိံသာနတ်ပြည်၌ မယ်တော်သန္တုသိတနတ်သားအား အမှူးထား၍ အဘိဓမ္မာဒေသနာတော် ဟောကြားတော်မူပြီး တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီလာသော မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ထွန်းညှိပူဇော်သော နေ့ထူးနေ့မြတ်ရက်လည်းဖြစ်သည်။
ထိုသို့သော နေ့ထူးနေ့မြတ်၌ ပေါင်မြို့နယ်ရှိ ကျိုက်ပေါင်းဆံတော်ရှင်နှင့် ထန်းပင်ချောင်ကြီး ကျေးရွာရှိ ဗောဓိတစ်ထောင်ဘုရား၊ ကဒါရပ်ကွက်ရှိ ရွှေတိဂုံဖူးမြော်စေတီတော်၊ သထုံမြို့နယ်၏ ကျက်သရေဆောင်လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးအပါအဝင် တန်ခိုးကြီး အထင်ကရစေတီများ၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးနှင့် အထင်ကရဘုရားစေတီပုထိုးများနှင့် တန်ခိုးကြီးဘုရားများတွင် ဥပုသ်သီလ ဆောက်တည်သူများ၊ ကုသိုလ်ဒါနပြုကြသူများ၊ စတုဒိတာကျွေးမွေး ကုသိုလ်ပြုသူများ၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကုသိုလ်ပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့အတူ ကျိုက်မရောမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှစ၍ ထမင်းဟင်းများလှူဒါန်းခြင်း၊ လူမှုရေးအသင်းအဖွဲ့များ ပရဟိတ အဖွဲ့များ စုပေါင်း၍ လမ်းဆုံ လမ်းခွများ၌ သတ်သတ်လွတ်ထမင်းဟင်းများ ကျွေးမွေးခြင်း၊ ငါးခြောက်ကြော်၊ ပဲကုလားဟင်းများ၊ ရေစိမ်မုန့်ဟင်းခါး စသည့်ဖြင့် စေတနာသဒ္ဒါ တရားထက်သန်စွာဖြင့် စုပေါင်းလှူဒါန်းခြင်း၊ တစ်ဦးချင်းအလှူရှင်များဖြင့် ကျွေးမွေးခြင်းတို့ကို သီတင်းကျွတ် ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ကျွေးမွေး လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ မုဒုံမြို့ နယ်ရှိ သမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီတော်ရင်ပြင်တော်၌ ဆီမီး ၉၀၀၀ ကပ်လှူထွန်းညှိပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) တွင် မွန်ပြည်နယ်အတွင်း မြို့နယ်များရှိ ဘုရားစေတီများတွင် ဘုရားဖူးလာ ပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ခြင်း၊ အလှူရှင်များက စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ လမ်းများ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဘိုး၊ အဘွား၊ ဆရာသမားများအား ကန်တော့ခြင်း၊ ဥပုသ်သီလ ဆောက်တည်ကြခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့် လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ၊ ဆီမီးများ၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ကြခြင်းများ ပြုလုပ်ကြရာ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။