ကျောက်ဆည် အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဝါသီးနှံသုတေသနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်)၌ ယမန်နေ့နံနက်ပိုင်းက ဝါသီးနှံအထွက်နှုန်း၊ အရည်အသွေးတိုးတက်မြင့်မားရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းမှုနှင့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့အဆင့်ဆင့် စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသား/ သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် ထူးချွန်သူများအား ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သင်တန်း၌ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ၊ ဉီးစီးမှူး ဦးဝင်းထိန်က ဝါသီးနှံသည် နိုင်ငံတော်၏ မူဝါဒအရ အရေးကြီးသောသီးနှံဖြစ်ကြောင်း၊ (၁) ဧက ပန်းတိုင်အထွက်နှုန်း ပိဿာ (၇၀၀) ရရှိရေး စိုက်ပျိုးနည်းစနစ်များအား စနစ်တကျ လေ့လာသင်ယူသွားရန် အရေးကြီးကြောင်း၊ သင်တန်းသားများအနေဖြင့် ဝါသီးနှံနှင့်စပ်လျဉ်း၍ စာတွေ့လက်တွေ့ ကျွမ်းကျင်အောင် လေ့လာသင်ကြားသွားပြီး တောင်သူများ၏ ဝါအထွက်နှုန်းနှင့် အရည်အသွေး ကောင်မွန်ရေးအတွက် အထောက်အကူပြုနိုင်ရေး နည်းပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် အမှာစကားပြောကြားခဲ့သည်။
အဆိုပါသင်တန်း၌ ဝါသီးနှံနှင့်ပက်သက်၍ ပန်းတိုင်အထွက်နှုန်း ပိဿာ(၇၀၀)ရရှိရေး စိုက်ပျိုးနည်းစနစ်များ၊ အရည်အသွေးကောင်း ဝါမျိုးစေ့ ထုတ်လုပ်ပုံအဆင့်ဆင့်၊ ပိုးမွှားနှင့်ကာကွယ်နှိမ်နှင်းနည်းများ၊ ဝါပင်အတွက် အရေးကြီးသော အာဟာရဓာတ်များနှင့် ဝါသီးနှံ ရေကြီးနစ်မြုပ်ဖြစ်ခဲ့ပါက ပြန်လည်ကုစားရမည့်နည်းလမ်းများ စသည့် ဘာသာရပ်များအား စာတွေ့သင်ကြား ပို့ချခဲ့ပြီး၊ ဝါစိုက်ခင်းများ၌ ဝါသီးနှံမျိုးကွဲ နုတ်ပယ်ခြင်း၊ ပိုးမွှာမှတ်တမ်းကောက်ယူခြင်း၊ ဝါအထွက်နှုန်းခန့်မှန်းတိုင်းတာခြင်း၊ မျိုးကူးစပ်ခြင်းများနှင့် သီးလုံးဖောက်ပိုးဒဏ် ခံနိုင်ရည်ရှိသော Bt gene ပါဝင်မှု ရှိ/ မရှိ စစ်ဆေးခြင်းတို့အား လက်တွေ့သင်ကြားခဲ့ကြောင်းနှင့် သင်တန်းအပြီးတွင် ဆန်းစစ်စာမေးပွဲကျင်းပခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)