သထုံ အောက်တိုဘာ ၁၈
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့မှ ဂိုဏ်းပေါင်းစုံ သံဃာတော်များ ပဝါရဏာပြုပွဲနှင့် သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ယမန်နေ့နံနက်က ကျိုက္ကော်ရပ်ကွက်၊ ရွှေဘုံသာစေတီကုန်းတော်ပေါ်ရှိ ဓမ္မဝေပုလ္လသိမ်တော်နှင့် ဓမ္မောဒယ သာသနာ့ဗိမာန်တော်တို့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဓမ္မဝေပုလ္လသိမ်တော်၌ သံဃာ့ပဝါရဏာပြုပွဲ ကျင်းပရာ ထေရ်ကြီးဝါကြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များဦးဆောင်၍ ပဝါရဏာအမေးအဖြေပြုခြင်း၊ ဝါစဉ်အလိုက် သံဃာ့ပဝါရဏာပြုခြင်း၊ မေတ္တာသုတ်ပရိတ်တရားတော်များ ပွားများပူဇော်ခြင်း၊ ထေရ်ကြီးဝါကြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ သုဝဏ္ဏဝတီမြို့အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့၌ ဝါဆိုဝါကပ်တော်မူကြသည့် ဂိုဏ်းပေါင်းစုံ သံဃာတော်များက အဆုံးအမဩဝါဒများခံယူခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး ပဝါရဏာပြုတော်မူကြသည့် သံဃာတော်များအား သုဝဏ္ဏဝတီမြို့သူမြို့သားများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များကို လောင်းလှူပူဇော်ခဲ့ကြသည်။
ယင်းနောက် ရွှေဘုံသာစေတီရင်ပြင်တော်ပေါ်ရှိ ဓမ္မောဒယသာသနာ့ဗိမာန်တော်တွင် ဝတ်အဖွဲ့အသီးသီးတို့က သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့အဖြစ် အဘိဓမ္မာတရားဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ စေတီတော်အား ပန်း၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းခြင်းတို့ဖြင့် အေးချမ်းစွာ ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)