သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြား

ရန်ကုန်  အောက်တိုဘာ   ၁၈

၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများ ကျင်းပလျက်ရှိပြီး ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြားခဲ့သည်။

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) သည် တာဝတိံသာနတ်ပြည်၌ မယ်တော်သန္တုသိတနတ်သားအား အမှူးထား၍ အဘိဓမ္မာဒေသနာတော် ဟောကြားတော်မူပြီး တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီလာသော မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ထွန်းညှိပူဇော်သော နေ့ထူးနေ့မြတ်ရက်လည်းဖြစ်သည်။

ထိုသို့သော နေ့ထူးနေ့မြတ်၌ ဗိုလ်တထောင်မြို့နယ်ရှိ  ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် လည်းကောင်း၊ ဒေါပုံမြို့နယ်ရှိ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်အေး စေတီတော်မြတ်ကြီးတွင် လည်းကောင်း၊ အင်းစိန်မြို့နယ်ရှိ လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီး)ဘုရားတွင် လည်းကောင်း၊ ကျောက်တန်းမြို့နယ်ရှိ သမိုင်းဝင်ဆုတောင်းပြည့် ရေလယ်စေတီတော်ကြီးတွင် လည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ဘုရားစေတီများ၊ သိမ်တော်များ၊ ဘုန်းကြီးကျောင်းများနှင့် ဓမ္မာရုံများတွင် လည်းကောင်း၊ တွံတေးမြို့၏ ကျက်သရေဆောင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆကေသာဓာတု ရှေးဟောင်းသမိုင်းဝင်ရွှေ ဆံတော်စေတီတော်မြတ်ကြီးနှင့် သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီးတို့တွင်လည်းကောင်း ဥပုသ်သီလ ဆောက်တည်သူများ၊ ကုသိုလ်ဒါနပြုကြသူများ၊ စတုဒိတာကျွေးမွေး ကုသိုလ်ပြုသူများ၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကုသိုလ်ပြုသူများ၊  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အလားတူ ဘဏ္ဍာထိန်းဂေါပကအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် နှစ်စဉ်ရိုးရာမပြတ် သီတင်းကျွတ်ဆီမီးထွန်းညှိ ပူဇော်ပွဲများကိုလည်း ကျင်းပလျက်ရှိရာ ပုဇွန်တောင်မြို့နယ်ရှိ သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်နှင့် ရေချမ်းတစ်ထောင်တို့ကို ကျင်းပခဲ့ပြီး တွံတေးမြို့နယ်၊ မငေးအလယ်ကျေးရွာအုပ်စု၊ ကွန်တာကျေးရွာ၊ ရွှေကွန်တာဓမ္မရိပ်သာကျောင်း၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၈)ကြိမ်မြောက် တာဝတိံသာဘုရားဆင်းပွဲတော်နှင့်ဗုဒ္ဓပူဇနိယပွဲတော်ကို အဆိုပါကျောင်းဝန်းအတွင်းရှိ တာဝတိံသာတန်ဆောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ဘုရားစေတီများတွင် ဘုရားဖူးလာ ပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ခြင်း၊ အလှူရှင်များက စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ လမ်းများ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဘိုး၊ အဘွား၊ ဆရာသမားများအား ကန်တော့ခြင်း၊ ဥပုသ်သီလ ဆောက်တည်ကြခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့် လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ၊ ဆီမီးများ၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ကြခြင်းများ ပြုလုပ်ကြရာ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။