ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ပြည်လုံးချမ်းသာဘုရားကြီးနှင့် ဧးစေတီများအား ဖူးမြော်အလှူငွေများ လှူဒါန်း၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) သီတင်းကျွတ်မီးထွန်းပွဲတော်တက်ရောက် ဆီမီးပူဇော်

စစ်တွေ အောက်တိုဘာ ၁၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်တို့သည် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးနှင့် ကပ်ကျော်ရန်ပြေမာန်ပြေဧးစေတီများအား ဖူးမြော်ကြည်ညိုကာ အလှူငွေများလှူဒါန်းပြီး ညနေပိုင်းတွင် လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်၌ ကျင်းပသော သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) သီတင်းကျွတ်မီးထွန်းပွဲတော်သို့ တက်ရောက်ပြီး ဆီမီးများ ထွန်းညှိပူဇော်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကာ ဘုရားကြီးသိမ်တော် ဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများပေး အပ်လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ကပ်ကျော်ရန်ပြေမာန်ပြေ ဗဟိုကိုးနဝင်းဓါတုဧးစေတီ၊ အရှေ့ဘက် ကပ်ကျော်ရန်ပြေမာန်ပြေ ကိုးနဝင်းဓါတုဧးစေတီ၊ တောင်ဘက် ကပ်ကျော်ရန်ပြေမာန်ပြေ ကိုးနဝင်းဓါတုဧးစေတီ၊ အနောက်ဘက် ကပ်ကျော်ရန်ပြေမာန်ပြေ ကိုးနဝင်းဓါတုဧးစေတီနှင့် မြောက်ဘက် ကပ်ကျော်ရန်ပြေမာန်ပြေ ကိုးနဝင်းဓါတုဧးစေတီတို့သို့ သွားရောက်၍ စေတီတော်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူ ပူဇော်ကြပြီး စေတီတော်သိမ်တော်များ ဘက်စုံပြုပြင်နိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ စိတ္တသုခဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင် ဆရာတော်အားဖူးမြော်ကာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဝါတွင်းကာလ၌ မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းနေမှုများကို လျှေက်ထားပြီး ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများသည် လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်၌ ကျင်းပသော ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲသို့ တက်ရောက်ပူဇော်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လောကာနန္ဒာစေတီ တော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များနှင့် ရှေးဟောင်းသမိုင်း အောင်စကြာမုနိဘုရားအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပသော ဆီမီး (၃၀၀၀) ပူဇော်ပွဲအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆီမီးထွန်းညှိဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများက ပျော်ပျော်ပါးပါး ဆီမီးထွန်းညှိပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီးတွင် တည်ထား ပူဇော်လျက်ရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြပြီး ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ဆီမီးထွန်းညှိပူဇော်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စေတီတော်ရင်ပြင်၌ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ ပျော်ပျော်ပါးပါး မီးပုံးပျံများကို လွှတ်တင်ပူဇော်ကြသည်။ ဆီမီးပူဇော်ခြင်းကို ဗုဒ္ဓဘုရားရှင်အားရည်စူးပူဇော်သည့်အနေဖြင့်လည်းကောင်း၊ မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းကို တာဝတိံသာနတ်ပြည်၌ သကြားမင်းတည်ထားကိုးကွယ်သော စူဠာမုဏိစေတီတော်အား ပူဇော်သည့် အမှုအဖြစ်မှတ်ယူကာ မီးပုံပျံများ ပြုလုပ်၍ လွှတ်တင်ခြင်းဖြင့်လည်းကောင်း ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများသည် နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် သီတင်းကျွတ်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်များတွင် ထည့်သွင်းကျင်းပပူဇော်လျက်ရှိကြ သည်။

လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်၌ ကျင်းပသော သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)