ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ MSME ထုတ်ကုန်သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော် ဆက်လက်ကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၈

သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပလျက်ရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် အထူးစည်ကားလျက် ရှိသည်။

အဆိုပါ ဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ နေ့စဉ်နံနက်(၈)နာရီမှ ည (၁၀) နာရီအထိ ကျင်းပသွားမည်ဖြစ်ရာ  စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှဒေသထွက်ကုန်ပစ္စည်းများနှင့် အစားအစာအရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ဈေးဆိုင်ခန်းပေါင်း(၄၈၃)ခန့်ဖြင့် ရောင်းချပေးလျက်ရှိပြီး အထူးအစီအစဉ်အဖြစ် ရွေ့လျားယာဉ်များဖြင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ၊ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာရောင်းချပေးမည်ဖြစ်သည်။

 ပွဲတော်ရက်များအတွင်း အလှူရှင်များ၏ နေ့စဉ်စတုဒီသာကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်နှင့်ဂီတနယ်ပယ်မှ ကျော်ကြားလျက်ရှိသော အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး ပွဲတော်လာပြည်သူများ သွားလာရေးအဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်​ပေးထားကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)