ရန်ကုန် အောက်တိုဘာ ၁၈
ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဗိုလ်တထောင်ဘိုးဘိုးကြီးအား ရွှေဥသျှောင် တော်လှူဒါန်းပူဇော်ခြင်းနှင့် စတုဒီသာလှူဒါန်းခြင်းအခမ်းနားကို ယနေနံနက် ၆ နာရီခွဲက ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ရှိ နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပရာ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဒွိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိနှင့် ပင့်သံဃာတော်များ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ အလှူရှင် ဦးအောင်မျိုးဟိန်းနှင့်ဇနီးဒေါ်နီနီတင်ထွန်း၊ မိသားစုဝင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပူဇော်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿပဏာမ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်၍ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဒေါက်တာ ဘဒ္ဒန္တအဂ္ဂသာမိ ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အလှူရှင်မိသားစုမှ ရွှေဥသျှောင်တော်ကို ဆရာတော်များအား ဆက်ကပ်ခဲ့ကြသည်။
ယင်းနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခြင်း၊ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား အလှူရှင်မိသားစုမှ လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နိုင်ငံတော်သံဃမဟာနာယက တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ သာယာကုန်းပြာသာဒ်ကျောင်းဆရာတော် ဘဒ္ဒန္တပညာဓဇ ဆရာတော်အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များမှ ရွှေဥသျှောင်တော်အား အမွှေးနံ့သာရည် ပက်ဖြန်းပေးခဲ့သည်။
ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနားအဖြစ် ရွှေဥသျှောင်ပင့်ဆောင်ခြင်းနှင့် အလှူရှင်မိသားစုမှ ဗိုလ်တထောင်ဘိုးဘိုးကြီးအား ကန်တော့ပွဲ ဆက်ကပ်၍ ဝတ်လဲတော်လဲ ကုသိုလ်ယူခြင်း၊ ရွှေဥသျှောင်တော် ပူဇော်လှူဒါန်းခြင်းနှင့် အောင်ဂါထာတော်များ ရွတ်ပွားပူဇော်၍ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို အောင်မြင်ပြီးမြောက်၍ အလှူရှင်မိသားစုက ရတနာရွှေမိုးငွေမိုး ရွာသွန်းပေးခဲ့ကြကြောင်း သိရသည်။
အောင်ကျော်(ပြန်/ဆက်)