သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ရှမ်းပြည်နယ်အတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများ၊ မီးထွန်းပွဲတော် ဆင်နွှဲသူများနှင့် စည်ကားများပြား

နေပြည်တော်  အောက်တိုဘာ   ၁၈

၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်အတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများ ကျင်းပလျက်ရှိပြီး ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြားခဲ့သည်။

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) သည် တာဝတိံသာနတ်ပြည်၌ မယ်တော်သန္တုသိတနတ်သားအား အမှူးထား၍ အဘိဓမ္မာဒေသနာတော် ဟောကြားတော်မူပြီး တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီလာသော မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ထွန်းညှိပူဇော်သော နေ့ထူးနေ့မြတ်ရက်လည်းဖြစ်သည်။

ထိုသို့သော နေ့ထူးနေ့မြတ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်ရှိ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရာကြီး၊ မိုင်းယောင်းမြို့ရှိ ဓာတ်လုံစေတီတော်၊ ဗောဓိရွှေညောင်ပင်၊ ကိုရင်ကြီးတောရကျောင်း၊ တပ်ဦးကျောင်း၊ ကျိုင်းယင်းဘုန်းကြီးကျောင်း အပါအဝင် ဘုရား၊ စေတီ၊ ပုထိုးများ၊ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံစေတီတော်ကြီး၊ တောင်ကြီးမြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်ရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်သူများ၊ ကုသိုလ်ဒါနပြုကြသူများ၊ စတုဒိတာကျွေးမွေး ကုသိုလ်ပြုသူများ၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ သစ်သီးဆွမ်း ကပ်လှူပူဇော်သူများ၊ ကုသိုလ်ပြုသူများ၊  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အလားတူ ဘဏ္ဍာထိန်းဂေါပကအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းစီစဉ်မှုဖြင့် နှစ်စဉ်ရိုးရာမပြတ် သီတင်းကျွတ်ဆီမီးထွန်းညှိ ပူဇော်ပွဲများကိုလည်း ကျင်းပလျက်ရှိရာ ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ မဟာကမ္ဘောဇပြည်ငြိမ်းအေး စေတီတော်တွင် ဆီမီးတစ်သောင်းထွန်း၊ မက်မန်းမြို့၏ ကျက်သရေဆောင် မင်းရန်အောင်စေတီတော်မြတ်ကြီးတွင် ဆီမီးတစ်ထောင်၊ မိုင်းယုမြို့နယ် ရွှေပြည်အေးစေတီတော်တွင် ဆီမီးတစ်ထောင်တို့ကို စည်ကားသိုက်မြိုက်စွာ ထွန်းညှိပူဇော်ခဲ့ကြသည်။  

ထို့အတူ ကာလိမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်မှ သံဃာ(၄၀၀)ပါးအား မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကိုလည်းကောင်း၊ ကွန်ဟိန်းမြို့၌  (၅၆)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို လည်းကောင်း၊ ကျိုင်းတုံမြို့၊ သံသယာအေးကျောင်းတိုက်၌ ဆရာတော်သံဃာတော် ၂၃၆ ပါးတို့မှ သံဃာ့မဟာပဝါရဏာရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲတို့ကို လည်းကောင်း၊ မောက်မယ်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါကျွတ်ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲကို လည်းကောင်း အသီးသီး ကျင်းပခဲ့ကြသည်။     

သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) တွင် ရှမ်းပြည်နယ်အတွင်း မြို့နယ်များရှိ ဘုရားစေတီများတွင် ဘုရားဖူးလာ ပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ခြင်း၊ အလှူရှင်များက စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ လမ်းများ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဘိုး၊ အဘွား၊ ဆရာသမားများအား ကန်တော့ခြင်း၊ ဥပုသ်သီလ ဆောက်တည်ကြခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့် လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ၊ ဆီမီးများ၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ကြခြင်းများ ပြုလုပ်ကြရာ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။