ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) (၄၅) ကြိမ်မြောက် မဟာပဝါရဏာပွဲနှင့် အောင်ပွဲရေစက်ချ အခမ်းအနား ကျင်းပ

ပုဇွန်တောင် အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) (၄၅) ကြိမ်မြောက် မဟာပဝါရဏာအခမ်းအနား၊ ဝါတွင်းသီလခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်များ အောင်ပွဲရေစက်ချအခမ်းအနားကို ရွှေဘုန်းပွင့်ဘုရားဝင်းအတွင်းရှိ သာသနဇောတိကဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပခဲ့သည်။

သီတင်းကျွတ်လပြည့်နေ့ နံနက် ၅ နာရီအချိန်တွင် ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများက ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများ အပါအဝင် သံဃာတော်များအား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ကြကာ ဝါဆို၊ ဝါကပ်ကြသော သံဃာတော်များက သိမ်အတွင်း သိက္ခာတော်၊ ဝါတော်အကြီးဆုံးဖြစ်သော ဆရာတော်ကြီးထံ ပဝါရဏာပြုခဲ့ကြသည်။ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဝါတွင်းသီလခံယူပွဲကို ဆက်လက်ကျင်းပခဲ့ရာ ဘဏ္ဍတော်ထိန်း ဂေါပကများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့်ဘုရားဖူးပြည်သူများမှ ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်း ဩဝါဒစရိယ သီရိမင်္ဂလာစံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိဿရထံမှ နဝင်္ဂသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် နေ့လယ် ၃ နာရီတွင် မဟာပဝါရဏာပွဲကို ဆောင်ရွက်ခဲ့ရာ အခမ်းအနားကို “နမောတဿ” သုံးကြိမ် ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်နွယ်ထွန်းမှ (၄၅) ကြိမ်မြောက် မဟာပဝါရဏာပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားခဲ့သည်။ ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်း ဩဝါဒစရိယ သီရိမင်္ဂလာစံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိဿရထံမှ နဝင်္ဂသီလခံယူ ဆောက်တည်ကြပြီးနောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်း ဩဝါဒစရိယ သီရိမင်္ဂလာစံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဉာဏိဿရထံမှ ဝါတွင်းကာလတစ်လျှောက်ပြုခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်