ညောင်ဦး အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ များပြားလျက်ရှိရာ အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင်လုံး ဘုရားဖူးလာသူများဖြင့် စည်ကားများပြားလျက်ရှိကာ နေ့ချင်းပြန် ဘုရားဖူးများနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် တည်းကာဝင်ရောက်လာသည့် ဘုရားဖူးခရီးသွားများ များပြားလျှက်ရှိကာ ယနေ့တစ်ရက်တည်းတွင်ပင် လေးသိန်းကျော် လာရောက်ဖူးမြော်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲတာဝန်ရှိသူများထံက သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် သာမန်ရက်များတွင်ပင် ဘုရားဖူး၊ လေ့လာရေးလာရောက်သူ များပြားလျက်ရှိရာ သီတင်းကျွတ်ကျောင်းပိတ်ရက်များတွင် နေ့ခြင်းပြန်ဘုရားဖူးဧည့်သည်များ၊ နှစ်ည၊ သုံးညအိပ်မိသားစုဘုရားဖူးများ၊ မိတ်ဆွေအပေါင်းများဖြင့် လာရောက်သည့် ဘုရားဖူးဧည့်သည်များဖြင့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် သမိုင်းအထင်ကရဘုရားများ၊ နံရံဆေးရေးပန်းချီ များပြားစွာ ကျန်ရှိနေသေးသည့် ဘုရားများ၊ ရှုခင်းအလှဓာတ်ပုံ ရိုက်လို့ကောင်းသည့် ဘုရားများတွင် ဘုရားဖူးလေ့လာရေး လာရေးလာရောက်သူ သိန်းချီဝင်ရောက်လျက်ရှိကြောင်း သိရသည်။ သမိုင်းအထင်ကရ ဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရား၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဓမ္မရံကြီး၊ အာနန္ဒာဘုရားကြီး၊ စူဠာမဏိဘုရား၊ မဟာငှက်ပစ်တောင်ဘုရား၊ ကျောက်ဂူဥမင်၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မနုဟာဘုရား၊ ပြဿာဒ်ကြီးဘုရား၊ ဓမ္မရာဇကဘုရား၊ အလိုတော်ပြည့်ဘုရား၊ ထီးလိုမင်းလိုဘုရားနှင့် သဗ္ဗညုဘုရားကြီးတို့တွင် ကားများ၊ မီနီအိုဝေများ၊ အီးဗိုက်များ၊ မြင်းလှည်းရပ်သည့် ကွင်းများတွင် ပြည့်နေသည်အထိ ဘုရားဖူးများ များပြားလျက်ရှိနေပြီး ဝိနည်းဓိုလ်ဘုရားစု၊ ဆင်ဖြူရှင်အုတ်ကျောင်း၊ ရင်မနားဘုရားစု၊ ခေမင်္ဂဘုရားစု၊ သစ္စာမဏ္ဍိုင်ဘုရားစု၊ ရွှေနန်းရင်တောအုတ်ကျောင်းတိုက်ဘုရားစု၊ မင်းအိုချမ်းသာဘုရား၊ မြေဘုံသာဘုရားစု၊ လောကထိပ်ပန်ဘုရား၊ လောကအုတ်သျှောင်ဘုရား၊ ကုန်းတော်ကြီးဘုရား၊ နရသီဟပတေ့ဘုရား၊ လေးမျက်နှာဆုတောင်းပြည့်ဘုရား၊ သမုတိဘုရား၊ကုသဘုရား၊ တောင်တဝက်ဂူဘုရား၊ ဝတ္ထနတောဘုရားစု၊ ရှင်ဘို့မယ်အုတ်ကျောင်း၊ ဥပါလိသိမ်၊ သိကြားပုန်းဘုရား၊ သိကြားဟစ်ဘုရား၊ ရွှေလိပ်တူးဘုရားတို့တွင်လည်း ခရီးသွားဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရကာ ညောင်ဦးမြို့အတွင်း ရောင်းချလျှက်ရှိသည့် ထမင်းဆိုင်များ၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များ၊ လက်အလှပန်းချီဆွဲသူများ၊ မြင်းလှည်း၊ အီးဗိုက်၊ မီနီအိုးဝေ၊ ကားအငှားလိုက်သူများ တစ်နေကုန်လိုက်နေရခြင်းကြောင့် အလုပ်အကိုင်များ ကောင်းကာ ဝင်ငွေတွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင်လည်း တည်းခိုသူများဖြင့် ပြည့်လျက်ရှိကြောင်း သိရကာ၊ ရပ်ဝေးမှလာသည့် ဘုရားဖူးခရီးသွားများ ဟိုတယ်၊ တည်းခိုခန်းမရခြင်းကြောင့် ရောက်ပြန် ပြန်သွားရသည် များလည်းရှိကြောင်း၊ နေ့ခြင်းပြန် ဘုရားဖူးခရီးသွားများလည်း အလွန်များပြားနေခြင်းဖြစ်ကာ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဘုရားဖူးများအား သမိုင်းအထင်ကရဘုရားများတွင် စတုဒီသာကျွေးသူများဖြင့် စည်းကားလျက်ရှိပြီး ဘုရားဖူးများ သီတင်းကျွတ်လပြည့်နေ့တွင် လေးသိန်းကျော် ဝင်ရောက်ခဲ့ကြောင်း၊ နေ့ချင်းပြန်ဘုရားဖူးများ၊ ဘုန်းတော်ကြီးကျောင်းများတွင် တည်းသည့်ဘုရားဖူးများနှင့် ဟိုတယ်၊ မိုတယ်၊ တည်ခိုခန်းများတွင် တည်းရန် အခန်းမရသည့် ဘုရားဖူးများလည်း များပြားလျက်ရှိကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခွင်လုံး ဘုရားဖူးများဖြင့် စည်းကားလျက်ရှိပြီး ညနေပိုင်းတွင်လည်း ပုဂံနေဝင်ဆည်းဆာ ကြည့်ကြသူများနှင့် တောင်ကုန်းများတွင် နေဝင်ဆည်းဆာကြည့်ရှုကြရန် ဘုရားဖူးခရီးသွားများဖြင့် တောင်ကုန်းများပေါ် ပြည့်နေကြောင်း သိရသည်။
ဒီပါလင်း