ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာ၌ စုပေါင်းဘုံကထိန် လှည့်လည်ပူဇော်ပွဲ လာရောက်ကြည့်ရှုသူများဖြင့် စည်ကား

ချောင်းဆုံ အောက်တိုဘာ ၁၈

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာတွင် ရှေးနှစ်ပေါင်းများစွာကတည်းက ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့သည့် ရွာလုံးကျွတ် စုပေါင်းဘုံကထိန် လှည့်လည်ပူဇော်ပွဲကို ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် ယမန်နေ့နေ့လယ်မှ ညနေအထိ မုရစ်ကြီးကျေးရွာတွင် ပဒေသာပင်များအား လှည့်လည်ပူဇော်ခဲ့ရာ ရပ်ဝေးရပ်နီးမှ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ရွာလုံးကျွတ် စုပေါင်းဘုံကထိန်လှည့်လည်ပွဲကို ဘာသာ သာသနာထွန်းကားပြီး မိမိကျေးရွာ၏ ဓလေ့ထုံးတမ်းအစဉ်အလာကို လူငယ်လူရွယ်များ ထိန်းသိမ်းကြစေရန် ရည်ရွယ်ကျင်းပလျက်ရှိကြောင်း ကျေးရွာဒေသခံများ၏ စည်းလုံးညီညွတ်မှု ဆရာတော်ကြီးများ၏ ဦးဆောင်မှုများဖြင့် ကျင်းခဲ့သည့်အတွက် နှစ်စဉ် ယခုလိုလာရောက်ကြည့်ရှုသူ များပြားခဲ့တာ ဖြစ်ကြောင်း၊ လာရောက်လည်ပတ်ကြည့်ရှုသူများကိုလည်း ကျေးရွာအတွင်း ဒေသခံများက အချိုရည်၊ အအေးစုံများဖြင့် ဧည့်ခံတိုက်ကျွေးကြကြောင်း မုရစ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ ကျေးရွာလုံးကျွတ် စုပေါင်းဘုံကထိန် လှည့်လည်ပူဇော်ပွဲကို မုရစ်ကြီးကျေးရွာမှ ဘုံကထိန်လှည့်လည်အဖွဲ့ (၈) ဖွဲ့နှင့် အခြားကျေးရွာများမှ (၄) ဖွဲ့ စုစုပေါင်း (၁၂) ဖွဲ့ လာရောက် အပူဇော်ခံခဲ့ကြပြီး ပဒေသာပင်များအား အလှူငွေများ ထည့်ဝင်လှူဒါန်းကြသူများ ရပ်ဝေးရပ်နီးမှ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)