သထုံမြို့၌ (၃၂) ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့မဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်များ စုပေါင်းလောင်းလှူပွဲ ကျင်းပပြုလုပ်

သထုံ အောက်တိုဘာ ၁၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများ ကြီးမှူး၍ ကျောင်းတိုက်အသီးသီးတို့မှ ဂိုဏ်းပေါင်းစုံ သံဃာတော်များ သံဃာ့မဟာပဝါရဏာပြုပွဲနှင့် ပဝါရဏာပြုသံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ စုပေါင်းလောင်းလှူခြင်းကို သီတင်းကျွတ်လပြည့်‌ (အဘိဓမ္မာအခါတော်နေ့) မွန်းလွဲပိုင်းက လေးဆူဓာတ်စံရွှေစာရံစေတီတော် တောင်ဖက်မုခ်အနီးရှိ ကလျာဏီသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဃပဝါရဏာပြုပွဲတွင် မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသူရိယ အရှင်သူမြတ်မှ ဦးဆောင်၍ သံဃာတော်အပေါင်းက နမောတဿသုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခြင်း၊ ပဝါရဏာပြုသံဃာ့အရေအတွက် ဖတ်ကြားခြင်း၊ ပဝါရဏာအမေးအဖြေပြုခြင်း၊ ဝါစဉ်အလိုက် သံဃာ့ပဝါရဏာပြုခြင်း၊ မေတ္တာသုတ်ပရိတ်တရားတော်များ ပွားများပူဇော်ခြင်း၊ ထေရ်ကြီးဝါကြီးဆရာတော် သံဃာတော်အရှင်သူမြတ်များအား စုပေါင်းပူဇော်ကန်တော့ကြပြီး ဆရာတော်ကြီးများထံမှ ဂိုဏ်းပေါင်းစုံ သံဃာတော်များက အဆုံးအမဩဝါဒများ ခံယူခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် ပဝါရဏာပြုတော်မူကြသည့် သံဃာတော်များအား သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြို့သူမြို့သားစေတနာရှင်အလှူရှင်များ စု‌ပေါင်းကာ စာရေးတံမဲများ ဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ စုပေါင်းလောင်းလှူပူဇော်ခြင်းတို့ကို တပျော်တပါး ပြုလုပ်ခဲ့ကြသည်။

အဆိုပါ မဟာပဝါရဏာပြုရာသို့ သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့၌ ဝါဆိုဝါကပ်တော်မူခဲ့ကြသည့် ဂိုဏ်းပေါင်းစုံသံဃာတော်အရှင်သူမြတ် စုစုပေါင်း ၇၀၀ ပါး တက်ရောက်ပဝါရဏာပြုတော်မူခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)