နေပြည်တော် အောက်တိုဘာ ၁၈
မြတ်စွာဘုရားရှင်အား ဆီမီးတန်ဆောင် ထွန်းလင်းပူဇော်ခြင်းဟူသော အစဉ်အလာအတိုင်း သီတင်းကျွတ်လတွင် မီးထွန်းပွဲပြုလုပ်ကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်၌ နေပြည်တော်ကောင်စီမှ ကြီးမှူး၍ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်ပွဲကို ယမန်နေ့ ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ညနေ့ ၆ နာရီတွင် ကျင်းပသည်။
အဆိုပါ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့နှင့် ဝတ်ရွတ်အသင်းအဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆီမီးထွန်းညှိပူဇော်ကြပြီး မီးပုံးပျံများ လွှတ်တင်ပူဇော်ကြသည်။
ထိုသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးရဟန်း၊ ရှင်လူပြည်သူများနှင့် ဘိုးဘွားများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိခေါင်းလောင်းတော်နှင့် ကျောက်စာရုံစေတီတော်များ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့်ဥယျာဉ်များကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်းနှင့် ဝါကျွတ်ကာလ အခါသမယအဖြစ် ဆီမီးထွန်းညှိပူဇော်ခြင်းများ၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းများ ဆောင်ရွက်ကြကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)