မဟာအောင်မြေမြို့နယ်တွင် TV အပူလွန်ကဲရာမှ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် လူနေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွား

မဟာအောင်မြေ အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၊ အပိုင်း(၆)၊ ၃၈×၃၉ လမ်းကြားနှင့် ၆၇ × ၆၈ လမ်းကြားရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် လူနေအိမ်(၁)လုံး ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၊ အပိုင်း(၆) ၊၃၈×၃၉ လမ်းကြားနှင့် ၆၇ × ၆၈ လမ်းကြားရှိ ပိုင်ရှင် ဒေါ်လှလှသန်း၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် ( ၂၅ ပေ × ၁၅ပေ ) လူနေအိမ်အပေါ်ထပ်၌ TV ဖွင့်ထားခဲ့ရာမှ TV အပူလွန်ကဲပြီး အနီးရှိထရံသို့ ကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်သော သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး စုစုပေါင်း ၁၀၀ ဦး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ မီးသတ်ရေသယ်ယာဉ် ၅ စီး စုစုပေါင်း ၁၈ စီး၊ ရေဂါလံ ၅၀၀၀ ဂါလံခန့်ဖြင့်  သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၂)ထပ် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ ဒေါ်လှလှသန်းအား မဟာအောင်မြေမြို့နယ်၊ အမှတ် (၉) မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

အောင်ဇော်မင်း