ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင် ဆုတောင်းပြည့်ဘုရားတွင် ရိုးရာဆင်လှူပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ရွှေသာလျောင်းတောင် ဆုတောင်းပြည့်ဘုရားတွင် ရိုးရာဆင်လှူပွဲတော်အား ရွှေသာလျောင်းတောင်ထိပ် ဓမ္မာရုံတွင်  ယနေ့ နံနက်(၅)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နှင့်အဖွဲ့ဝင်များ၊ ကျောက်ဆည်အသင်း(ရန်ကုန်)မှ အတွင်းရေးမှူးဦးခင်မောင်မြင့်နှင့်အသင်းဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွှေသာလျောင်းတောင် ဂေါပကဥက္ကဋ္ဌနှင့်မြို့မိ၊ မြို့ဖများ၊ ပြည်သူများက ရွှေသာလျောင်းတောင်ထိပ်ရှိ ဆုတောင်ပြည့်ဘုရာတွင် လှူဒါန်းသွားမည့် ရွှေဆင်၊ ငွေဆင်များအား အမွေးနံသာရည်များပက်ဖျန်း၍ ရွှေသာလျောင်းဆုတောင်းပြည့်ဘုရာကြီးအား လက်ယာရစ်(၃)ပတ် ပတ်၍ လှူဒါန်းခဲ့ပြီး ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်၊ ကုန်းမြင့်သာ ပရိယတ္တိစာင်တိုက် ဦးစီးမဓာန နာယက ဘဒ္ဒန္တစက္ကိန္ဒာဘိဓဇ ဆရာတော်ထံမှ ငါးပါးသီလတရား ခံယူဆောက်တည်၍ ရေစက်သွန်းချ အနုမောဒနာတရားခံယူဆောက်တည်ခဲ့ကြောင်း သိရသည်။

ရွှေသာလျောင်းတောင် ဆုတောင်းပြည့်ဘုရားကြီးသည်  သက္ကရာဇ်၃၇၉ခုနှစ်တွင် နန်းတက်တော်မူခဲ့သော ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးမှ သက္ကရာဇ် ၃၉၅ ခုနှစ် ကျောက်ဆည်ကိုးခရိုင်နယ်မြေတွင် ဆည်၊ မြောင်း၊ ကန်ချောင်းတို့ကို တည်ဆောက်ဆယ်ဖို့စဉ်ကာလ သီဟိုဠ်ဘုရင်ဓာတုသေနမင်းထံမှပင့် ဆောင်တော်မူသော ဂေါတမမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ကို အရှင်အရဟံဩဝါဒဖြင့် ဆင်မယဉ်သာ(ဆင်ဖြူတော်)ပေါ်တင်၍ အဓိဌာန်ပြုစေလွှတ်တော်မူရာ ကျောက်ဆည်မြို့ သာလျောင်းတော်ထိပ်သို့တက်၍ ခေတ္တလဲလျောင်းပြီးနောက် မြစ်သားမြို့နယ်၊ ခရွေတောင်ထိပ်သို့တက်၍ ထပ်မံဝပ်သောကြောင့် ရွှေသာလျောင်းတောင်ထိပ်နှင့် ခရွေတောင်ထိပ်တို့တွင် တစ်ပြိုင်တည်း တည်ထားကိုးကွယ်ခဲ့သော စေတီတစ်ဆူဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)