ကျောက်ဆည် အောက်တိုဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မြန်မာ့ရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဆုရရှိခဲ့သောပြိုင်ပွဲဝင်ဆင်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီက ရွှေသာလျောင်းတောင် ဆင်အကအလှပြိုင်ပွဲဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် မြို့မိမြို့ဖဦးစန်းယု၊ ဦးညိုတင်၊ ဦးလှစိုးတို့က မြို့မဆင်ဖြူတော်နှင့် မာဃဆင်ဖြူတော်တို့အား ဂုဏ်ပြုဆုများနှင့် နွဲ့ဆိုး၊ ဇော်ဂျီမောင်၊ ပိတောက်မြိုင်၊ ရဲမာန်ဆင်များအား ရိုးရာဂုဏ်ထူးဆောင် (အသက်ကြီးဆင်) ဂုဏ်ပြုဆုများအားချီးမြှင့်ပေးခဲ့ပြီး မြို့နယ်စိမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကျော်စိုးမိုးနှင့် အဖွဲ့ဝင်(၂)ဦးခင်မောင်ဝင်းတို့က ကလေးဆင်(ရိုးရာ)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော စိမ်းလန်းစိုပြည်ဘိုကေ၊ ဒုတိယဆုရရှိသော ခေတ်သစ်မာန်ဆင်များကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးအောင်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းကျော်သူတို့က ဘော်ကြယ်ဆင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ဆင်များအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောက်ဆည်တပ်နယ်မှူး ဗိုလ်ချုပ်သိန်းထွေးနှင့်တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လူကြီးဆင်(ရိုးရာ)ပြိုင်ပွဲနှင့် တီထွင်စမ်းသစ်မှု(သဘာဝ)ဆင်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ဆင်အဖွဲ့များအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းနှင့် မြန်မာရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုအသက်ကြီးဆင်(၆)စီး၊ ဘော်ကြယ်ဆင်(၃)စီး၊ ရိုးရာလူကြီးဆင်(၃)စီး၊ ရိုးရာကလေး ဆင်(၂)စီး၊ တီထွင်ဆန်းသစ်မှုဆင်(၂)စီး၊ မြို့မဈေးပတ်ဆင်(၅၀)ကျော်တို့ အမှတ်ပေးဒိုင်များနှင့် မြို့တွင်းလမ်းတွင် လှည့်လည်ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)