တာချီလိတ်မြို့၌ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်)နေ့ ဇီဝိတဒါန ငါးလွှတ်ခြင်းနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်

တာချီလိတ် အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်)နေ့တွင် ဇီဝိတဒါနအဖြစ် စုပေါင်းငါးလွှတ်ပွဲအား  ယနေ့ နံနက် ၇ နာရီအချိန်က မယ်ခေါင်ရပ်ကွက်၊ရွှေဝါနဒီ ပန်းခြံ၌ ပြုလုပ်ခဲ့သည်။

ကုသိုလ်ပြု ဇီဝိတဒါနငါးလွှတ်ပွဲတွင် တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ စစ်ဗျူဟာ(အခြေချ) တာချီလိတ်မှ ခေတ္တစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးသန့်လှိုင်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးချမ်းမြေ့ဝင်း၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများက ငါးသားပေါက်များအား ရွှေဝါနဒီပန်းခြံ၊ မယ်ခေါင်ချောင်းအတွင်းသို့ဇီဝတဒါနကုသိုလ်ဖြစ် ငါးလွှတ်ပေးခဲ့ကြသည်။

ယင်းနောက် ရွှေတိဂုံဘုရားရင်ပြင်ရှိ ဓမ္မာရုံတွင် အန္တရာယ်ကင်းပရိတ်တရားပွဲအား ဆက်လက်ကျင်းပရာ ကျောင်းတိုက်အသီးသီးမှ ပင့်ဖိတ်ထားသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များမှ နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက် လက်ထောက်ဆရာတော် ဘန္တဒ္ဒဝါသေဋ္ဌသာသနာ့တက္ကသီလမဟာဓမ္မာစရိယထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကုသိုလ်ကောင်းမူအစုစုတို့အတွက် ငွေတောင်ဦးက မ္မဌာန်းကျောင်းတိုက်မှဆရာတော် ဘဒ္ဒန္တကုဝေရ သာသနဓဇ ဓမ္မစရိယ အရှင်သူမြတ်ထံမှ အနုမောဒနာတရားတော်နာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

အေးအေးလတ်