သီတင်းကျွတ်လပြည့်နေ့၌ ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားတွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိ

ကျောက်ဆည် အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးတွင်တည်ရှိသော ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားသည် ဘုရာဖူးပြည်သူများနှင့် နေ့စဉ်စည်ကားလျက်ရှိပြီး ယနေ့နံနက် သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးပြည်သူများနှင့် ပိုမိုစည်ကားလျက်ရှိကြောင်း သိရှိရသည်။

ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားသည် အနော်ရထာမင်းကြီးတည်ထားကိုးကွယ်ခဲ့ပြီး ရှင်အရဟံ သိမ်သမုတ်ခဲ့သော ဘုရားတစ်ဆူဖြစ်ကြောင်း  အုန်းပွဲ၊ ငှက်ပျောပွဲ ကန်တော့ပွဲများ  ပန်းနံ့သာများဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည့်တို့အောင်မြင်စေရေး သစ္စာအဓိဌာန်ပြုဆုတောင်းသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဆုတောင်းပြည့်မဟာရွှေသိမ်ဘုရားကြီးတွင် ဘုရားဂေါပကအဖွဲ့လူကြီးများက ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်စေရေးအတွက် လုံခြုံရေးအဖွဲ့များ စနစ်တကျဖွဲ့စည်းထားပြီး ဘုရားဖူးလာပြည်သူများ၏ လိုအပ်မှုများဖြည့်ဆည်းကူညီပေးလျက်ရှိပြီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအားထားရှိရန် ထိန်းသိမ်းစောင့်ရှောက်ပေးသည့်နေရာများဖြင့် စနစ်တကျစီစဉ်ထားရှိကာ ဘုရားဖူးပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာစည်ကားလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)