ညောင်ဦး အောက်တိုဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေး အစီအစဉ်အဖြစ် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) စိုက်ပျိုးခြင်း သရုပ်ပြပွဲနှင့် ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီက အမှတ်(၇)ရပ်ကွက်၊ တောင်ဘီကျေးရွာကွင်းရှိ ကွင်းအမှတ်(၁၅၁၈)၊ တောင်သူ ဦးအောင်မင်း၏ ယာမြေ (၁၀) ဧကပေါ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) စိုက်ပျိုးခြင်း သရုပ်ပြပွဲနှင့် တောင်သူပညာပေးဆွေးနွေးပွဲတွင်၊ ရှေ့ဦးစွာ တောင်သူ ဦးအောင်မင်း၏ ယာမြေ (၁၀) ဧက ပေါ်တွင် ပိုင်ဆံလျှော်(သစ်စိမ်းမြေဩဇာ) ကြဲပက်စိုက်ပျိုးခြင်းကို သရုပ်ပြသကြသည်။ ယင်းနောက် ပညာပေးဆွေးနွေးပွဲကို ယာယီမဏ္ဍပ်တွင် ပြုလုပ်ရာစိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီကက ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) စိုက်ပျိုးစေခြင်း၏ အဓိကရည်ရွယ်ချက်များမှာ တောင်သူများ ဓာတ်မြေဩဇာကို ရေရှည်အသုံးပြုခြင်းဖြင့် မြေဆီလွှာအတွင်း သဘာဝမြေဆွေးများ ဆုံရှုံးခြင်း၊ မြေချဉ်၊ ငံနှုန်းများ ပြောင်းလဲလာခြင်း၊ အကျိုးပြုအဏုဇီဝများ လျော့နည်းသွားခြင်းတို့ကြောင့် သီးနှံအထွက်နှုန်း လျော့ကျလာခြင်းကို အလွယ်ကူဆုံးနှင့် အသက်သာဆုံး ဖြေရှင်းပေးနိုင်စေရန် ဖြစ်ပါကြောင်းနှင့် ပိုက်ဆံလျှော်ဟုခေါ်သည့် သစ်စိမ်းမြေဩဇာကို မြေနေရာမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်ပါကြောင်း စသည်ဖြင့် အသိပညာပေး ဆွေးနွေးပြောကြားသည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုး ညှိနှိုင်းရေးအဖွဲ့ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ၊ အဆိုပါ ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) စိုက်ပျိူးခြင်း သရုပ်ပွဲနှင့် ပညာပေးဆွေးနွေးပွဲတွင် တောင်သူများအား ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) စိုက်ပျိုးခြင်းဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများကို အသိပညာပေး၍ တောင်သူများ ကိုယ်တိုင်ပါဝင်ကြဲပက် သရုပ်ပြသစေ၍ စိတ်ပါဝင်စားစွာ စိုက်ပျိုးလိုသည့် တောင်သူများကိုလည်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဧက ၄၀ စာ အခမဲ့ ဖြန့်ဝေပေးရန် စီစဉ်ထားကြောင်း သိရပြီး၊ အခမ်းအနားသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ကျေးလက်တောင်သူများ၊ ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) အကြောင်း စိတ်ဝင်သားသည့် တောင်သူများ တက်ရောက်ခဲ့ကြကာ ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) စေ့များ ကြဲပက်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဒီပါလင်း