သီတင်းကျွတ်လပြည့်နေ့တွင် မုဒုံမြို့နယ်ရှိ ဘုရားစေတီများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

မုဒုံ   အောက်တိုဘာ  ၁၇

၂၀၂၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ တန်ခိုးကြီးဘုရားစေတီများတွင် ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။

မုဒုံမြို့နယ်အတွင်းရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး၊ ကန်ကလေးစေတီတော်၊ အတောင် (၄၀၀)ပြည့် လျောင်းတော်မူဘုရားကြီး၊ ခပ်ရခပ်ယူ ထိုင်တော်မူဘုရားကြီး စသည့် ဘုရားစေတီပုထိုးများတွင် ဘုရားဖူးလာပြည်သူများက စေတီတော်ရင်ပြင် ဂြိုလ်တိုင်များရှိ ဗုဒ္ဓရုပ်ပွားတော်များ၌ ရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများ ကပ်လှူခြင်းတို့ဖြင့် ကုသိုလ်ယူကြသည့်အပြင် စေတီတော်များရှိ ဆရာတော် သံဃာတော်ကြီးများထံမှ သီလပေးတရားနာယူကြသည်။

ထို့ပြင် ကန်ကြီးစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော် မင်္ဂလာကန်တော်၌  မြန်မာ့ရိုးရာလှေလှော်သဘင်ပြိုင်ပွဲတွင် လာရောက်ကြည့်ရှုအားပေးကြသူများ၊ ကန်ပတ်လမ်းတစ်လျှောက် လာရောက်အပန်းဖြေကြသူများ၊ ငါးအစာကျွေးသူများနှင့် ဘုရားဖူးလာပြည်သူများအား စတုဒိသာကျွေးမွေးဧည့်ခံခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)