လယ်ဝေး အောက်တိုဘာ ၁၇
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ လယ်ဝေးခရိုင် အုပ်ချုပ်ရေးမှူးဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ လိုက်ပါလျက် လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး မျောပါပျက်စီးခဲ့သည့် နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိကာ ဆရာတော်ထံ သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့တွင်ကျင်းပမည့် ပဝါရဏာအတွက် နဝကမ္မအလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ရေဘေးသင့်အိမ်ထောင်စုများအတွက် ပေးအပ်သည့် ပေါက်မြိုင်၊ သစ်ကြိမ်း၊ ပင်သောင်၊ အင်ပင်ကျေးရွာအုပ်စုတို့မှ မျောပါပျက်စီးခဲ့သည့် လူနေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေကျပ် ၂၃ သိန်း၊ ငါးသောင်းနှုန်းဖြင့် နေအိမ် ၅၀ လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးသည့်နေအိမ် တစ်လုံးလျှင် ၁၇ သိန်း ငါးသောင်းနှုန်းဖြင့်နေအိမ်၄ လုံး၊ စုစုပေါင်း ငွေကျပ် ၁၂၄၅ သိန်းအား တစ်ဦးချင်းလက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး နေအိမ်များ အမြန်ပြန်လည်ဆောက်လုပ်နိုင်ရန် အားပေးစကားပြောကြားကာ နေပြည်တော်ကောင်စီမှ ထောက်ပံ့သည့်ရေသန့်၊ ဆန်၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် အသားစည်သွပ်ဘူးများအား ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ရေကာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ဆရာတော်ထံ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ရေကာ၊ အလယ်ကျွန်း၊ ပိတောက်ချောင် ကျေးရွာအုပ်စုအတွင်းရှိ ရေမျောပါပျက်စီးသည့်နေအိမ် ၁၃ လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသည့်နေအိမ် ၁၈ လုံးအတွက် ထောက်ပံ့ငွေကျပ်သိန်း ၆၂,၀၅၀,၀၀၀ အား ထောက်ပံ့ပေးအပ်ကာ နေပြည်တော်ကောင်စီမှထောက်ပံ့သည့် ရေသန့်၊ ဆန်၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် အသားစည်သွပ်ဘူးများ ပေးအပ်ကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် စစ်တောင်းမြစ်ဘေးဝဲယာမှ ကျေးရွာများမှ လူနေအိမ် ၉၃ လုံး မျောပါပျက်စီးခဲ့ပြီး နေအိမ် ၂၂ လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ အဆိုပါနေအိမ်များအတွက် ထောက်ပံ့ငွေများအားလုံး ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် မြို့ရှောင်လမ်းမှ ပျံချီကျေးရွာ သီရိပျံချီ ဘုန်းတော်ကြီးကျောင်းသို့ အဝင်လမ်းအရှည်ပေ ၁၅၀၀ ခန့်အား ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရိစာလမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)