နေပြည်တော် အောက်တိုဘာ ၁၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်းတိုက် ဆရာတော်နှင့် မှန်ကျောင်းတိုက် ဆရာတော်တို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယအား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကာ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ ပရိသတ်များက အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်(၂)ရပ်ကွက်အတွင်းရှိ မှန်ကျောင်းတိုက်ဘုန်းတော်ကြီးကျောင်း ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပရမအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူ များနှင့်အတူ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပေါက်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်သစ်တည်ဆောက်နေမှု အခြေအနေများ၊ ပေါက်တောကျေးရွာနှင့် ဝက်ကုန်းကျေးရွာကြား ရေစီးရေလာကောင်းမွန်စေရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)