သထုံ အောက်တိုဘာ ၁၇
သထုံမြို၊ မြသပိတ်တောင်တန်း ဘုရားငါးဆူ ဝေဘူကမ္မဌာန်းရိပ်သာကျောင်းကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာဦးဆောင်၍ သထုံမြို့နယ်အတွင်းရှိ စေတနာရှင် ပြည်သူများ စုပေါင်းကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ရှမ်းပြည်နယ်တို့မှ ရေဘေးသင့်ပြည်သူများထံ ကူညီထောက်ပံ့လှူဒါန်းခဲ့မှုတို့အတွက် ရေစက်ချအနုမောဒနာတရားနာယူခြင်း အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်က ဗူးဘုရားစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘုရားအမှူးရှိသော ဆရာတော်သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး ရေစက်ချအနုမောဒနာအခမ်းအနားတွင် ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် အခမ်းအနား တက်ရောက်လာကြသူများမှ နမောတဿ(၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ပြီး တက်ရောက်လာကြသူများမှ ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ သီလခံယူဆောက်တည်ကြကာ ဘုရားငါးဆူ ဝေဘူကမ္မဌာန်းရိပ်သာကျောင်းကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာထံမှ အနုမောဒနာတရား နာယူခဲ့ကြသည်။
ထို့နောက် သထုံမြို့၊ မြသပိတ်တောင်တန်း ဘုရားငါးဆူ ဝေဘူကမ္မဌာန်းရိပ်သာကျောင်း ဆရာတော်နှင့် တပည့်သံဃာ ဒါယကာ/ဒါယိကာမများ၊ သထုံမြို့နယ်နှင့် ရပ်နီး/ရပ်ဝေးစေတနာရှင်များ စုပေါင်းလှူဒါန်းခဲ့သည့် အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများ ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း (၃၀၀၀) ခန့်တို့အား အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ရေစက်သွန်ချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)