တောင်ကြီး အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ယမန်နေ့ နေ့လယ် ၁၂ နာရီက ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ကြီးမှူးဖွင့်လှစ်သည့် ကိုယ်လုံပညာ သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကမ္ဘောဇမိုးကြိုးပင်မသိုင်းအဖွဲ့မှ သင်တန်းနည်းပြချုပ် ဆရာကြီးဦးရွှေဝင်းက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသူများက ဗန်တို ၆၃ ကွက်၊ ဗန်တိုရှောင်တိမ်းနည်းနှင့် ဗန်တိုရှောင်တိုက်နည်းတို့ကို လေ့ကျင့်ပြသပေးခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ညိုမီစောက မြန်မာ့သိုင်း ဗန်တို ၆၃ မောင်းသင်ယူမှုတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဆုများအသီးသီး ချီးမြှင့်ပေးအပ်ပြီး ကမ္ဘောဇမိုးကြိုးပင်မသိုင်းအဖွဲ့မှ သင်တန်းနည်းပြချုပ်နှင့် သင်တန်းဆရာများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
အဆိုပါ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ကြီးမှူးဖွင့်လှစ်သည့် ကိုယ်လုံပညာသင်တန်းကို အောက်တိုဘာလ ၇ ရက်နေ့မှ အောက်တိုဘာလ ၁၆ ရက်နေ့ထိ ကမ္ဘောဇမိုးကြိုးပင်မသိုင်းအဖွဲ့မှ သင်တန်းနည်းပြချုပ်နှင့် သင်တန်းဆရာများက သင်တန်းသူ ၁၈ ဦးအား သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ကျော်ဇင် (တောင်ကြီး)