ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပ၍ စိမ်းလန်းစိုပြည်စေရေး ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ကမ်းပါးထိန်းနှစ်ရှည်ပင်များအား ပြုစုပျိုးထောင်ပေး

မြစ်ကြီးနား အောက်တိုဘာ ၁၆

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေး၍ စိမ်းလန်းစိုပြည်လာစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း၍ ကောင်းမွန်သော လူမှုပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ညနေ (၃)နာရီက ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်‌ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် အရာထမ်း/ အမှုထမ်းများ၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် အရာထမ်း/ အမှုများနှင့်အတူ မြစ်ကြီးနားမြို့ရှိ အများပြည်သူအပန်းဖြေရာနေရာတစ်ခုဖြစ်သည့် ကမ်းနားလမ်းတစ်လျှောက် We Love Myitkyina ဆိုင်းဘုတ်နေရာမှ စတင်၍ ပြည်သူများအား အမှိုက်ကင်းစင်သောမြို့ပြစနစ် ဖြစ်လာစေရေး နှိုးဆော်တိုက်တွန်းခြင်းနှင့် အမှိုက်များကို ကောက်ယူခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အလားတူ အဆိုပါ ကမ်းနားတစ်လျှောက် ဧရာဝတီမြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး စိုက်ပျိုးဆောင်ရွက်ထားသည့် ရေမနေပင် အပါအဝင် နှစ်ရှည်ကမ်းပါးထိန်း သစ်ပင်များအား ပျိုးထောင်၍ မြေဘောင်မြှင့်တင်ပေးခြင်း၊ ပေါင်းနှုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)