ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပံ့ပိုးကူညီမှု ဖြင့်တိုးချဲ့ဆောင်ရွက်သည့် ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား အောက်တိုဘာ ၁၆

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမတည်ပေးထားသည့် ငွေကျပ် ၈ ဘီလီယံကို စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး မတည်ရင်းနှီးပံ့ပိုးပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ် လွယ်ခေါကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တောင်သူ ဦးအောင်ဆွေ၏ ရာဘာခြံသို့ သွား‌‌ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပထမနှစ်စက်ဝန်းမှ နှစ်ရှည်သီးနှံအတွက် (၃)နှစ်စီမံကိန်းဖြင့် ချေးငွေကျပ်သန်း (၁၀၀)ဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် တောင်သူ ဦးအောင်ဆွေ၏ ရော်ဘာခြံ ဧက ၆၀၀ ကျော်အတွင်းရှိ စက်ရုံ၌ ရော်ဘာစေးများခြစ်ယူ၍ အစေးရည်စုဆောင်းပြီး ရော်ဘာပြား များကြိတ်ခြင်း၊ မှိုင်းခံခြင်း၊ မီးပူပေးစက်ဖြင့် အဆင့်(၃)ရာဘာပြားများအထိ တိုးမြှင့်ထုတ်လုပ်လျက်ရှိ သည့်အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် တောင်သူ ဦးအောင်ဆွေက အဆင့်မြင့်ရော်ဘာပြားများ စိုက်ပျိုးထုတ်လုပ်၍ ဈေးကွက်တင်ပို့ရောင်းချနိုင်မှု အခြေအနေများ၊ ခြံဝင်းအတွင်း ရော်ဘာစိုက်ခင်းအပြင် ကျွဲကောသီး၊ ထောပတ်နှင့် အခြားသီးနှံမျိုးစုံ တွဲဘက်စိုက်ပျိုးနိုင်ခဲ့သည့်အခြေအနေများနှင့် လျှပ်စစ်မီးရရှိရေးလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ရော်ဘာကိုအခြေခံ၍ တန်ဖိုးမြင့်ကုန်ချောပစ္စည်းများစွာ ထုတ်လုပ်နိုင်သည့်လုပ်ငန်းဖြစ်သည့်အတွက် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍတိုးတက်မြင့်မားစေရေး၊ ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်ထိ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ရော်ဘာစိုက်တောင်သူများနှင့် MSME လုပ်ငန်းရှင်များအား စည်းရုံးဆက်သွယ်ပြီး အားပေးကူညီသွားရမည်ဖြစ်ကြောင်းနှင့် ယနေ့လျှပ်စစ်မီးလိုအပ်ချက်ကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီအမြန်ဆုံးကူညီပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစား ပွဲတော်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အားကစားသမားစိစစ်ရွေးချယ်နိုင်ရေးအတွက် ကျင်းပပြုလုပ်ခဲ့ သည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဗိုလ်လုပွဲစဉ်အဖြစ် YFT ဘောလုံးအသင်းနှင့် Lyon FC အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး YFT အသင်းက အနိုင်ရဗိုလ်စွဲသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ၊ အကောင်းဆုံးအားကစားသမားဆုများနှင့် တတိယဆုရရှိသည့် အသင်းတို့အားဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရရှိသည့် အသင်းအတွက်လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသည့် အသင်းအတွက်တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၅)သိန်းနှင့် ပထမတံခွန်စိုက်ဆုဖလားအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်