မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောက်ဆည်မြို့ သီတင်းကျွတ်ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲဖွင့်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

မန္တလေး အောက်တိုဘာ ၁၆

အနော်ရထာမင်းလက်ထက်မှ စတင်၍ ရိုးရာမပျက် ကျင်းပလာသည့် နှစ်ပေါင်း ၉၀၀ ကျော် ရှိပြီဖြစ်သော မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ် ကျောက်ဆည်မြို့ သီတင်းကျွတ်ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ခြေတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဆင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ဆင်အကအလှပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ တာဝန်ရှိသူများ၊ ဧည့်ပရိသတ်တို့အား ဧည့်ခံဆင်အဖွဲ့မှ အောင်စေပိုင်စေသီချင်းဖြင့် ဆင်အကအလှ စွမ်းရည်ပြဖျော်ဖြေမှုနှင့် ဆင်အဖွဲ့များမှ မြန်မာပြည်သား သီချင်းဖြင့် သီဆိုမှုများကို ကြည့်ရှုအားပေး နှုတ်ဆက်ပြီး ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့သည်။

ကျောက်ဆည်မြို့ ဆင်ပွဲတော်သည် သက္ကရာဇ် (၃၇၉) ခုနှစ်တွင် နန်းတက်တော်မူသော ပုဂံပြည့်ရှင်အနော်ရထာမင်းသည် သက္ကရာဇ် (၃၉၅) ခုနှစ်တွင် ကျောက်ဆည်မြို့ ကိုးခရိုင်နယ်မြေတွင် ဆည်မြောင်းကန်ချောင်းတို့ကို တည်ဆောက်ဆည်ဖို့တော်မူခဲ့ကြောင်း၊ အနော်ရထာမင်းကြီးသည် သီဟိုဠ်ဘုရင် ဓာတုသေနမင်းထံမှ ပင့်‌ဆောင်ရရှိတော်မူခဲ့သော ဂေါတမမြတ်စွာဘုရား၏ လက်ဝဲအောက် စွယ်တော်ပွားကို အရှင်အရဟံ၏ ဩဝါဒဖြင့် ဆင်မယဉ်သာ (ဆင်ဖြူတော်) ပေါ်သို့ တင်၍ အဓိဋ္ဌာန်ပြုစေလွှတ်တော်မူခဲ့ရာ အရှေ့မျက်နှာအရပ် မြင်စိုင်းနယ် ကျောက်ဆည်တည်ရာသာ လျောင်းတောင်ထိပ်သို့ တက်ကြောင်း၊ တောင်ထိပ်တွင် ခေတ္တလဲလျောင်းပြီးနောက် ချက်ချင်းဆင်းသွားကာ သံရွာနယ်တောင်တော် တောင်ထက်တက်၍ ခေတ္တရပ်ပြီးထိုမှ ခရွေတောင်သို့ တက်၍ ဝပ်လေကြောင်း၊ သက္ကရာဇ် (၃၉၅) ခုနှစ်တွင် သာလျောင်းတောင်ထိပ်နှင့် ခရွေတောင်ထိပ်တို့တွင် တစ်ပြိုင်တည်းစေတီတစ်ဆူစီကို တည်တော်မူပြီး သာလျောင်းတောင်ထိပ်တည်သော စေတီကို ရွှေသာလျောင်းစေတီဟု အမည်တွင်ခဲ့ကြောင်း၊ အနော်ရထာမင်းကြီးသည် ရွှေသာလျောင်းစေတီတွင် သီတင်းကျွတ်လပြည့်နေ့တိုင်း၌ ဆွမ်းတော်ကပ်လှူပွဲနှင့် တပေါင်းလ၌ ပွဲတော်ကျင်းပရန် ကလန်၊ သံပျင်တို့ကို ဆင့်ဆိုမှာကြားတော်မူခဲ့ကြောင်း၊ စွယ်တော်တင်သော ဆင်မယဉ်သာ (ဆင်ဖြူတော်) ကိုလည်း ငါကဲ့သို့ပင် အမှတ်တရဆင်ရုပ်တို့ဖြင့် လှူဒါန်းပူဇော် အမျှပေးဝေကြရန် အဓိဋ္ဌာန်ထားတော်မူခဲ့ရာ သီတင်းကျွတ်လပြည့်နေ့၌ ဆွမ်းတော်ကြီးကပ်လှူပွဲနှင့်အတူ ဆင်လှူပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ အနော်ရထာမင်းကြီးလက်ထက်မှစ၍ ယနေ့တိုင်အောင် နှစ်ပေါင်း (၉၀၀) ကျော် နှစ်စဉ်ရိုးရာ မပျက်ကျင်းပခဲ့ကြောင်း၊ ကျောက်ဆည်မြို့ ဆင်လှူပွဲတော်ကို နှစ်စဉ်ရိုးရာအစဉ်အလာမပျက် ရိုးရာပွဲတော်အဖြစ် သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့တွင် ဆင်အကအလှပြိုင်ပွဲ ကျင်းပပြီး လပြည့်နေ့၌ ဆွမ်းတော်ကြီးကပ်လှူပွဲ၊ ရွှေဆင်၊ ငွေဆင်လှူဒါန်းပွဲအား နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

၂၀၂၄ ခုနှစ်တွင် ကျောက်ဆည်မြို့ ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ရိုးရာဆင်(လူကြီး၊ ကလေး) တီထွင်ဆန်းသစ်မှုဆင်၊ ဘော်ကြယ်ဆင်၊ သက်ကြီးဆင်၊ ဧည့်ခံ ဆင်၊ ဈေးပတ်ဆင်များ စုစုပေါင်း ၇၄ စီးဖြင့် ပါဝင်နွှဲခဲ့ပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)