နေပြည်တော်ကောင်စီဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါပျက်စီးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ပွဲသို့ တက်ရောက်

ဇေယျာသီရိ အောက်တိုဘာ ၁၆

ဇေယျာသီရိမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက မိမိတို့အနေဖြင့် ရေဘေးသင့်ဒေသများတွင် ကိုယ်တိုင်သွားရောက်၍  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မပျက်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ယခုအခမ်းအနားတွင်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ရေဘေးသင့် နေအိမ်မျောပါနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား နေအိမ်များ အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဟန်သူနှင့် တာဝန်ရှိသူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ရေဘေးသင့် နေအိမ်မျောပါ ပျက်စီးခဲ့သည့် နေအိမ်တစ်အိမ်လျှင် ၂၃၅၀၀၀၀ ကျပ်ဖြင့် စုစုပေါင်းနေအိမ် ၁၄၉ လုံးအတွက် ၃၅၀၁၅၀၀၀၀ ကျပ်နှင့် နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်တစ်အိမ်လျှင် ၁၇၅၀၀၀၀ ကျပ်ဖြင့် စုစုပေါင်းနေအိမ် ၂၂၀ လုံးအတွက် ၃၈၅၀၀၀၀၀၀ ကျပ် ထောက်ပံ့ပေးအပ်ခဲ့ပြီး နေပြည်တော်ကောင်စီမှ ထောက်ပံ့ပေးအပ်သည့် ခေါက်ဆွဲခြောက်တစ်ဖာ၊ အသားဆီသွပ်ဗူး တစ်ဗူးနှင့် အသီးအရွက်ဆီသွပ်ဗူး တစ်ဗူး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)