မလှိုင် အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ရေချိုဘူတာအုပ်စု၊ သပြေပင်ကျေးရွာတွင် ပိုက်ဆံလျှော်ကြဲပက်ပွဲအခမ်းအနား(ကွင်းသရုပ်ပြပွဲ)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တောင်သူဦးစိုးလွင်၏ စိုက်ဧက ၁၀ ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုက်ဆံလျှော်ကြဲပက်ပွဲအခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအာကာစိုးက ယခုလိုပိုက်ဆံလျှော် ကြဲပက်စိုက်ပျိုးခြင်းဖြင့် မြက်များပေါက်ရောက်မှု ယခင်နှစ်များထက် ပိုမိုနည်းပါးခြင်း၊ မြေသားများနူးညံ့လာစေမှာဖြစ်ပြီး ထွန်/ ထယ်ရေးများလုပ်ရာတွင် လွယ်ကူလာစေခြင်း၊ ထိုသို့လွယ်ကူမှုကြောင့် အချိန်နှင့် ကုန်ကျစရိတ်များ သက်သာလာစေခြင်း၊ စိုက်ပျိုးလို့လုံးဝမရသည့်မြေများတွင်လည်း စိုက်ပျိုးသည့်သီးနှံများ အောင်မြင်ဖြစ်ထွန်းလာခြင်း၊ သီးနှံများလည်းအထွက်နှုံးကောင်းမွန်လာခြင်း၊ မြေဆီလွှာသည်လည်း အစိုဓာတ်ကို ပုံမှန်ထက်ထိန်းသိမ်းထားနိုင်သဖြင့် မိုးခေါင်မှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိခြင်း၊ နွားချေးအစားထိုးအဖြစ်လည်းအသုံးပြုနိုင်ခြင်း၊ ဈေးနှုန်းမြင့်မားသည့် မြေဩဇာများကိုလည်း လျော့ချကာ သစ်စိမ်းမြေဩဇာများကို သုံးစွဲလာခြင်း၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) အသုံးပြုရသည့်အတွက် သီးနှံများလည်း ယခင်နှစ်များထက် ပိုမိုအောင်မြင်ဖြစ်ထွန်းလာကာ အစေ့အဆံများ အလေးချိန်တိုးသဖြင့် သုံးစွဲသင့်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ညှိဝန်ထမ်း (၅) ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း(၁၉)ဦးနှင့် သပြေပင်ကျေးရွာမှ တောင်သူ (၃၉) ဦး စုစုပေါင်း (၆၃) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသော တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့ (သစ်စိမ်းမြေဩဇာ) များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မလှိုင်(ပြန်/ဆက်)