အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်  နိုဝင်ဘာ   ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်နှင့် အမှိုက်များပိတ်ဆို့မှု ကြောင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် မြို့သစ်(က+ခ)ရပ်ကွက်၊(က/၇)လမ်းနှင့် မြို့သစ်(ဂ)ရပ်ကွက်၊ ရာကျော် လမ်း ဆက်စပ် ဖြတ်လမ်းရေမြောင်းဖော်ခြင်းလုပ်ငန်း၊ မြို့သစ်(က+ခ)ရပ်ကွက်၊ (ခ/၈)လမ်း ရေမြောင်း အုတ်စီခြင်း လုပ်ငန်း၊ အင်းစိန်ခုံးတံတားအောက် လူသွားစင်္ကြန်ပြုလုပ် နေသည့် လုပ်ငန်းများသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ် သည်များကို ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့သည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)