ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူပြီးစီးမှု ကောက်ကွက် ပိတ်သိမ်းပွဲကျင်းပ

ဆိပ်ကြီး ခနောင်တို   အောက်တိုဘာ   ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို မြို့နယ်အတွင်းရှိရပ်ကွက်များ အလိုက် စာရင်းကောက်အဖွဲ့များမှ တစ်အိမ်တက်ဆင်းကောက်ယူခဲ့ရာ ကောက်ယူမှု ရာနူန်းပြည့်ပြီးစီးသွားပြီဖြစ်သည့်အတွက် စာရင်းကောက်ကွက်ပိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က ယခုလို ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု အောင်အောင်မြင်မြင်နှင့် အခက်အခဲမရှိ ကောက်ယူပြီးစီးသည့်အတွက် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အထူးသဖြင့် မြေပြင်တွင် လက်တွေ့ကွင်းဆင်း ကောက်ယူခဲ့ကြသည့် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများအား ကျေးဇူးတင်ဂုဏ်ပြုကြောင်း အမှာစကား ပြော ကြားသည်။

ထို့နောက် တက်ရောက်လာကြသူများအား ကော်ဖီ၊ မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ဆိပ်ကြီးခနောင်တိုမြို့နယ် သန်းခေါင်စာရင်း ကော်မတီ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ စာရင်းစစ်/စာရင်းကောက် ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ အောက်တိုဘာ ၁ ရက်နေ့မှစ၍ ရပ်ကွက်အစဉ်အလိုက် သန်းခေါင်စာရင်းကောက်ယူဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၅ ရက်နေ့အထိ မြို့နယ်အတွင်းရှိ အိမ်ထောင်စု+အဖွဲ့အစည်းပေါင်း ၈၆၈၄ စု၊ လူဦးရေ ကျား ၁၅၉၂၈ ဦး၊ မ ၁၆၉၃၄ ဦး စုစုပေါင်း လူဦးရေ ၃၂၈၆၂ ဦးတို့အား စာရင်းကောက်ယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ဝေယံ(ပြန်/ဆက်)