တောင်ကြီးမြို့၌ မော်တော်ယာဉ်ပေါ်သို့ ဆိုလာဘတ္ထရီများ တင်ဆောင်ရာမှ မီးလောင်မှုဖြစ်ပွား

တောင်ကြီး  အောက်တိုဘာ ၁၆

တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ နယ်မြေ (၃) ၊ ဧရာဝတီလမ်း၊ အမှတ် (၃၆) ရှိ ပင်လုံ - လဲချား၊ ကုန်စည်ပို့ဆောင်ရေးကားဂိတ်အတွင်း၌ ယာဉ်အမှတ် - SHN – 18/ 7P-7622(NISSAN DIESEL) ဖြူညိုကြားမော်တော်ယာဉ်ပေါ်သို့ ပစ္စည်းများတင်ဆောင်စဉ် ယမန်နေ့ညနေ ၅ နာရီက မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ နယ်မြေ(၃)၊ ဧရာဝတီလမ်း၊ အမှတ်(၃၆)ရှိ ပင်လုံ - လဲချား၊ ကုန်စည်ပို့ဆောင်ရေးဂိတ်၌ မော်တော်ယာဉ်ပေါ်သို့ ဒီဇယ်ပေပါ ၅၀ လုံး၊ ဓာတ်ဆီပေပါ ၆ လုံး တင်ဆောင်ထားရှိပြီးနောက် SAKO Lithium Battery Power Bank Life PO4 Life Design ဆိုလာဘတ္ထရီ ၂ လုံးအား ဆက်လက်တင်ဆောင်စဉ် ၎င်းဆိုလာဘတ္ထရီ၏ အပေါင်းအနှုတ်ခလုပ်မှ မော်တော်ယာဉ်၏ သံဘော်ဒီအား ပွတ်တိုက်ထိမိရာမှတဆင့် မီးလောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကာ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)