စစ်တွေ အောက်တိုဘာ ၁၆
မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော် ကိန်းဝပ်အပူဇော်ခံမည့် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်ရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော် ကိန်းဝပ်အပူဇော်ခံတော်မူမည့် စံကျောင်းတော်ဆောက်လုပ်ရေး ဦးစီးကော်မတီနာယက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်များကို ရန်ကုန်မြို့မှ တပ်မတော်ရေယာဉ်ဖြင့် စစ်တွေမြို့သို့ ပင့်ဆောင်ခဲ့ပါကြောင်း၊ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးတွင် မာရဝိဇယ ဆင်းတုတော်ကို စေတီတော်ရင်ပြင်၏ ဗုဒ္ဓဟူးထောင့်တွင်လည်းကောင်း၊ အဘယရာဇမုနိရုပ်ပွားတော် ကို စေတီတော်ရင်ပြင်၏ သောကြာထောင့်တွင်လည်းကောင်း ပင့်ဆောင်ပူဇော်ပြီးဖြစ်၍ ဆင်းတုတော် နှစ်ဆူအတွက် စံကျောင်းတော်အား ခန့်ညားထည်ဝါစွာဖြင့် မြန်မာမှုလက်ရာများ ပါဝင်အောင်ထည့် သွင်းဆောက်လုပ်နိုင်ရန် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကိုဖွဲ့စည်းကာ တာဝန်ပေး၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီများဖြင့် ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ကျွမ်းကျင်အင်ဂျင်နီယာများ ပါဝင်သောဌာနဆိုင်ရာများဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ခေတ်ကာလနှင့်လိုက်လျောညီထွေမှုရှိသည့် မြန်မာမှုလက်ရာများ၊ ရခိုင်ယဉ်ကျေးမှုလက်ရာများဖြင့် ခန့်ညားထည်ဝါစွာ ဆောက်လုပ်နိုင်ရေး၊ ရေရှည်တည်တံ့ခိုင်ခံ့မှုရှိစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ဆောက်ရာတွင် ကုန်ကျမည့်စရိတ်များကို ပြည်နယ်အစိုးရအဖွဲ့၊ တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိကအလှူရှင်များနှင့် ပြည်သူများ၏ပါဝင်လှူဒါန်းမှုများဖြင့် စနစ်တကျတည်ဆောက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလှူရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းစကားပြောကြားသည်။
ထို့နောက် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် အလှူရှင်စေတနာရှင်များက လှူဒါန်းငွေတို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ဒေသကွပ်ကဲရေးမှူး(စစ်တွေ)နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြ သည်။
မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်နှစ်ဆူ ကိန်းဝပ်အပူဇော်ခံမည့် စံကျောင်းတော်(၂)ဆောင် ဆောက်လုပ်ရေးအတွက် ယနေ့အထိ လှူဒါန်းငွေစုစုပေါင်းငွေကျပ် (၃၅၆,၅၈၆,၀၀၀) (ငွေကျပ်သုံးထောင်ငါးရာခြောက်ဆယ်ငါးသိန်းရှစ်သောင်းခြောက်ထောင်) လက်ခံရရှိ ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)