နမ့်စန်တွင် မြို့ကျက်သရေဆောင်ဣ စ္ဆာသရအလိုတော်ပြည့် ဓာတုစွယ်တော်စေတီတော်မြတ်ကြီး၏ (၁၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာကျင်းပ

နမ့်စန်(တ)     အောက်တိုဘာ   ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊နမ့်စန်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အမှတ်(၃)ရပ်ကွက်ရှိ မြို့ကျက်သရေဆောင် ဣစ္ဆာသရအလိုတော်ပြည့် ဓာတုစွယ်တော် စေတီတော်မြတ်ကြီး၏ (၁၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ည ၇ နာရီက အဆိုပါစေတီတော်တည်ရှိရာ အတုလကာရီကျောင်းတိုက်အတွင်း ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပြီး အတုလကာရီကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တသီလာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဩဝါဒကထာများ နာယူခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ အတုလကာရီကျောင်းတိုက်၏ ပဓာနနာယကဆရာတော် သာသနဓဇ ဓမ္မာစရိယ ဘဒ္ဒန္တသီလာနန္ဒ၊ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီး လင်းကို၊ ခရိုင်ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီးမြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့်တာဝန်ရှိသူများက ဣစ္ဆာသရအလိုတော်ပြည့်ဓာတုစွယ်တော် စေတီတော်မြတ်ကြီး အရှေ့တွင် (၁၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဝင်္ကပါကျောင်းဆောင်အတွင်းသို့ ဗုဒ္ဓရုပ်ပွားတော်များပင့်ဆောင်ခဲ့ကြကာ တက်ရောက်လာကြသူများနှင့်အတူ မီးပုံးပျံအငယ်စုစုပေါင်းအလုံး(၁၀၀)ကို လွှတ်တင်ခဲ့ကြသည်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို (၄)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့ ညနေပိုင်းတွင် ဗုဒ္ဓရုပ်ပွားတော်များ ပင့်ဆောင်ကာ မြို့တွင်းကျက်သရေဆောင် လှည့်လည်ပူဇော်ခြင်း၊ သီတင်းကျွတ်လပြည့်နေ့တွင် စေတီတော် မြတ်ကြီးအား ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ သစ်သီးတစ်ထောင်ကပ်လှူ၍ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်း၊ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့တွင် ပင့်သံဃာများနှင့် ရှင်သာမဏေ (၅၀၀)ကျော်တို့မှ ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ ပန်းတစ်ထောင်၊ သစ်သီးတစ်ထောင် ကပ်လှူခြင်း၊ အရုဏ်ဆွမ်းကပ်ခြင်း၊ နဝကမ္မလှူဖွယ်များလှူဒါန်းခြင်း၊ တရားနာရေစက်ချခြင်း၊ ညပိုင်းတွင် ဘုရားမဲများဖောက်လှူခြင်း စသည့်အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ပွဲတော်ရက်ညတိုင်းတွင် ဓမ္မစကူလ်းကလေးငယ်များနှင့် တိုင်းရင်းသားများက ဧည့်ခံကပြဖျော်ဖြေခြင်း၊ ကျောက်ဆည်ဆင်အကအဖွဲ့က ဖျော်ဖြေခြင်းနှင့် စတုဒိသာ ကျွေးမွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)