ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မဖြစ်မနေ နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာရေး ဆောင်ရွက်

ချင်းရွှေဟော်  နိုဝင်ဘာ  ၂၄

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်၊  ချင်းရွှေဟော်မြို့အတွင်း  သွားလာနေကြသည့် အများပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မဖြစ်မနေနှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာနိုင်ရေး ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန် က  ချင်းရွှေဟော်မြို့၊  အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရန် ပြည်သူများနေအိမ်တွင် နေထိုင်ရေးပန်ကြားချက်များအား ဖြန့်ဝေပေးခြင်း၊ ပြည်သူလူထုများအနေဖြင့် မလိုအပ်ဘဲခရီးသွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ပါက နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာရေးနှင့် ကျန်းမာရေး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျလိုက်နာနေထိုင်သွားလာရေးတို့ကို လက်ကိုင်အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ကာ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း (Mask)များ တပ်ဆင်ထားခြင်းမရှိသည့် ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)