မော်လမြိုင် အောက်တိုဘာ ၁၅
မွန်ပြည်နယ်အစိုးရအဖွဲ၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင် စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်များဖြင့် ရောင်းချပေးနေခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်အောင် ဆောင်ရွက်ကြရန်၊ ကုန်ထုတ်လုပ်သူများအနေဖြင့်လည်း အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်ရန်နှင့် အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးကြရန် လမ်းညွှန်မှာကြားခဲ့ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားသောက်ကုန် ပစ္စည်းများအား ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)