ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

တောင်ကြီး အောက်တိုဘာ ၁၅

ရှမ်းပြည်နယ် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(တောင်ကြီး)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားရာ ရှမ်းပြည်နယ်အတွင်း ကလေးအလုပ်သမားပပျောက်စေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အစိုးရနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူမှုမိတ်ဖက်အဖွဲ့အစည်းများအားလုံး မဖြစ်မနေ ပူးပေါင်းပါဝင်မှသာ အနာဂတ်ပုံရိပ်ကောင်းမွန်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးလုပ်ငန်းကော်မတီက ရှမ်းပြည်နယ်အစိုးရ၏ ရန်ပုံငွေအထောက်အပံ့နှင့် ကလေးအလုပ်သမားပပျောက်ရေး ပထမငါးနှစ်လုပ်ငန်းစီမံချက် ၂၀၁၉ - ၂၀၂၃ ကာလအတွင်း သက်မွေးသင်တန်း (၃၀)က သင်တန်းသား၊ သင်တန်းသူ (၆၅၇)ဦးတို့ကို အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေဖန်တီးပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းမှ သင်တန်းသား၊  သင်တန်းသူများကိုလည်းကောင်း၊ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းသား၊ သင်တန်းသူများအားလည်းကောင်း သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်း ()မျိုးကို ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ချိန်ခါမှီဓမ္မလုံးကောင်ကျောင်းတိုက်တို့မှပူးပေါင်း၍ သင်တန်းတစ်ခုလျှင် သင်တန်းသား (၃၀)ဦးစီဖြင့် ၁၀-၁၀-၂၀၂၄ ရက်နေ့မှ ၁၆-၁၀-၂၀၂၄ ရက်နေ့အထိ (၇)ရက် သင်ကြားပေးခဲ့ပြီး ၎င်းသင်တန်းများသို့ ရှမ်းပြည်နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် အသက် ၁၆ နှစ်မှ ၁၈ နှစ်အောက်ရှိ ကလေးများ မိမိဘဝရပ်တည်ရေး၊ မိသားစုဝင်ငွေတိုးတက်စေရေးနှင့် အန္တရာယ်ရှိသော အလုပ်အကိုင်များမှာ ကလေးအလုပ်သမားပပျောက်စေရေးဆိုသည့် ရည်ရွယ်ချက်တို့ဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း သက်မွေးသင်တန်း (၈)မျိုးအား ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)