ပုဇွန်တောင် အောက်တိုဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၂)လရာသီပွဲတော်များအနက် ၁၃၈၆-ခုနှစ်၊ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် (၄၅)ကြိမ်မြောက် ပဝါရဏာပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်သည်။
သီတင်းကျွတ် အဖိတ်နေ့အောက်တိုဘာ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီမှ ညနေ ၆ နာရီအထိ ဝတ်အသင်းများမှ ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် စေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း၊ မုန့်၊ သစ်သီးများ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ မေတ္တာဘာဝနာပွားများခြင်းနှင့် သံဃာတော်များအား အရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း၊ နေ့လယ် ၃ နာရီတွင် ပဝါရဏာပွဲ ပြုလုပ်ခြင်းများဆောင်ရွက်ကာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သီလခံယူပွဲ အခမ်းအနားနှင့် ဝါတွင်းကာလတစ်လျှောက်ပြုခဲ့သည့် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာဟု ဆိုအပ်သော ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များအောင်ပွဲ ရေစက်ချအခမ်းအနားကို သာသနဇောတိကဓမ္မာရုံ၌ ကျင်းပမည်ဖြစ်ပြီး ညနေပိုင်းတွင် စေတီတော် မြတ်ကြီးအား ဆီမီးပူဇော်လှူဒါန်းသွားမည်ဖြစ်၍ ရဟန်းရှင်လူပြည်သူများ ပါဝင်ကုသိုလ်ပြုနိုင်ပါရန် ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
ဟန်စုယဉ်